ထိန်းသိမ်းထားရမယ့် မြန်မာ့ဂုဏ်ဆောင် စိန်တလုံးသရက်
ဘယ်သူတွေ ဒူးရင်းသီးက ကမ္ဘာမှာ အကောင်းဆုံးလို့ပြောပြော ကိုယ်ကတော့ သရက်မှသရက်ပဲ။ အညာသားမို့လား မပြောတတ်။ သရက်ကို အဖူးကစလို့ အကင်း၊အစိမ်း၊အမှည့် အကုန်ကြိုက်တာ။
မွေးတဲ့မြို့ကလည်း တောင်မြို့ဆိုတော့ သရက်တောထဲကြီးလာရတယ်။ များလိုက်တဲ့သရက်မျိုးတွေ။ မတ္တရာကနေ စလိုက်တာ အမရပူရ၊ စဉ့်ကိုင်၊ တံတားဦး၊ ပလိပ်၊ကျောက်ဆည်၊ ဟန်မြင့်မိုရ် တကြောဆိုတာ သရက်သီးရဲ့ အသည်းနှလုံးမြေတွေ။ အမျိုးရာချီရှိတာ။ ဒီထဲမှာ ချွန်ထွက်လာတာက စိန်တလုံးပဲ။
စိန်တလုံးကို ကိုယ်ငယ်စဉ်က နာမည်သိပ်မသိကြသေးဘူး။ သူ့နယ်မှာပဲသူ စားလောက်ရုံပဲဖြစ်နေတာ။ ငယ်တုန်းက အလုံးသေးသေးနဲ့ အောင်ဒင်ဆိုတာ အကောင်းဆုံး၊ မတ္တရာခေါင်ချိုးဆိုတာ ရှယ်ကြီး၊ ရွှေဟင်္သာဆိုတာ တစ်လုံးဆိုတစ်လုံး ဗိုက်ဝတာ။ ဒီအဆင့်ကနေ သုံးလုံးတတောင်တို့ မြကျောက်တို့ခေတ် ပြောင်းလာရော။
လူနာမည်တွေလည်း မနည်းဘူး။ ဦးမေဓိယ က စလို့ ဦးရေဝတ၊ မနော်နွယ်၊ မနွယ်၊ အောင်ဒင်၊ မစောရင် အထိရှိတယ်။ ကြက်တူရွေးက စလို့ ပုစွန်တုပ် အထိရှိတယ်။
ပန်းဆွဲကစလို့ စိမ်းစားထိရှိတယ်။ ဒီကနေ ပတ္တမြားငမောက်တို့ ခေတ်ဖြစ်လာရော။ အခုခေတ်မှာတော့ ယိုးဒယားကနေသွင်းလာတဲ့ နောက်ဆုံးပေါ်စပ်မျိုးတွေ အထိ အစုံစိုက်နေကြပါပြီ။
ခေတ်တွေဘယ်လိုပြောင်းပြောင်း အမြဲပန်းပန်လျက်က တစ်မျိုးတည်းရှိတယ်။ စိန်တလုံးပဲ။
ထောပတ်သီးမှာ Hass ကို ဘယ်သူမှယှဉ်လို့မရဘူး။ US က california ပြည်နယ်ရဲ့ ထွက်ကုန်၊ မှတ်ပုံတင်ပြီးသားမျိုးဖြစ်ပါတယ်။ ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံနေတာ။ အရသာလား အရွယ်လား အစေ့သေးသလား အဆီဓာတ်ပါဝင်မှုအမြင့်ဆုံးလား ခူးဆွတ်ပြီး အထားခံနိုင်မှုအရှိဆုံးလား အကုန်လုံး Hass မျိုးက ထိပ်ပဲ။
ကျန်တဲ့ထောပတ်သီးမျိုးတွေက တစ်မျိုး နှစ်မျိုးပဲ ကိုက်ညီတာ။
အခုလည်း မြန်မာ့စိန်တလုံးကိုကြည့်။ အရောင် အလှဆုံး အရသာအရှိဆုံး အချိုဆုံး
အစေ့နဲ့အသား အချိုးချကြည့်ရင် အသေးဆုံး အသား အမျှင်လုံးဝကင်းစင်မှုအရှိဆုံး
အနံ့အကောင်းဆုံး စိန်တလုံးက ထိပ်ဆုံးပဲ။
နိုင်ငံတော်တော်များများက သရက်ပေါင်းစုံစားကြည့်တယ်၊ အိန္ဒိယကလည်း မျိုးတွေကောင်းကြပါတယ်၊ စိန်တလုံးကို မှီတဲ့မျိုးမရှိဘူး။ စိတ်မကောင်းစရာက တိုင်းပြည်အခြေအနေက မြောင်းထဲကမတက်တော့ ဘယ်သူမှ တကူးတကမျိုးရင်းကို ထိန်းသိမ်းကြမယ်မရှိကြဘူး၊
ရှားရှားပါးပါး ကိုနဲ့ခင်တဲ့အမတစ်ယောက်က မျိုးရင်းကို ရအောင်ထိန်းထားတာ။ မျိုးရင်းထိန်းတယ်ဆိုတာ စားပြီးသားအစေ့ကို ပြန်မစိုက်ခြင်းက နံပါတ်တစ်ပဲ။ အစေ့ဆိုတာ ဝတ်မှုန်ကူးပြီးမှ အမပွင့်ရဲ့ ovary မျိုးအိမ်ထဲမှာ ဖြစ်ပေါ်လာတာဆိုတော့ အစေ့ဆိုတာနဲ့ မျိုးက ရောပြီးသားဖြစ်နေပါပြီ၊ တစ်ပင်တည်းဝတ်မှုန်ကူးတာ သရက်မှာ မဖြစ်နိုင်သလောက်ပါ။ ဟိုအပင် ဒီအပင်နဲ့ ဟိုအပွင့် ဒီအပွင့်ကနေ ကူးတာမို့ မျိုးရိုးလက္ခဏာ ရောပြားမှုတွေ ရှိကုန်ပါတယ်။
ဒီတော့ ၁၀၀% မျိုးရင်းစစ်စစ်ကို လိုချင်ရင် ကိုင်းကူးနည်းကပဲ ရရှိမှာဖြစ်တယ်။
ဒီနိုင်ငံရဲ့စျေးကွက်ထဲမှာ စိန်တလုံးတွေက မျိုးတွေ တအားထွေပြားပြီး ကွဲပြားနေပြီဖြစ်ပါတယ်။ မိခင်အပင်ကနေ ကိုင်းမယူဘဲ အစေ့ကိုပြန်စိုက်တယ်၊ အဲ့ဒီအစေ့ကနေ ကိုင်းပြန်ကူးရင်လည်း မူလမိခင်အပင်ရဲ့မျိုးရိုးဗီဇ မတူညီတော့ပါ။
စိန်တလုံးရဲ့ မူလမိခင်အပင်ဟာ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာအုပ်စုက သံရွာအနီး ပဲခင်းရွာက ပဲခင်းဘုန်းကြီးကျောင်းထဲမှာပါ။ ကိုလည်း သဘောကျလွန်းလို့ ကိုယ့်မိတ်ဆွေအမကြီးဆီကနေ မူလမျိုးရင်း ၁၀၀% စစ်စစ် ရေမရောတဲ့ ကိုင်းကူးစိန်တလုံးပင်တွေရခဲ့တာ my great blessing ပါ။
မူလမျိုးရင်း စိန်တလုံးဟာ ဒီမှာပြထားသလို ဝိုင်းပါတယ်၊ အရောင်အလွန်စိုပြီး ရွှေရောင်သမ်းနေပါတယ်၊ ချက်နှစ်ခုရှိပါတယ်၊ အဓိကက အခွံအလွန်ပါးပြီး ချောမွတ်နေရမှာပါ။ ဒီအချက်တွေနဲ့ကိုက်မှ စိန်တလုံးရဲ့ပုံသဏ္ဌာန်မှန်မှာပါ။ စိန်တလုံး စစ်မှ သူ့ရဲ့ အနံ့ အရသာ အသားနုညံ့မှုကိုရမှာ။
တရုတ်ပြည်မှာတော့ စိန်တလုံးဟာ အလွန်နာမည်ရပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တရုတ်မှာစိန်တလုံးဟာ နာမည်အကြီးဆုံးသရက်ပါ။ ယူနန်ပြည်နယ်တစ်ခုပဲရောင်းရရင် ဒီကတစ်နိုင်ငံလုံးစိုက်တောင် မလောက်ပါ။ တခြားပြည်နယ်တွေအထိကို မြန်မာ့အသီးအနှံကမရောက်ခင် ကုန်ပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာမှာအကြီးဆုံးစျေးကွက်ပါ။ တခြားဟာနဲ့စီးပွားမရှာရင်နေ၊ စိုက်ရောင်းရင်ကို ဒီနိုင်ငံလိုမျိုးက ခဏနဲ့ချမ်းသာပါတယ်။ ထိုင်းကိုကြည့်ပါ။ သူကစိုက်တဲ့ နံနံပင်တောင် အင်္ဂလန်ရောက်ပါတယ်။ ကျန်တာမပြောပါနဲ့။ နိုင်ငံတော်ပေါ်လစီကောင်းမှသာ စိုက်ပျိုးရေးနဲ့ချမ်းသာနိုင်မှာဖြစ်တယ်။
မြန်မာ့ဇာတိအပင်တွေကို မျိုးစစ်စစ်ဖြစ်အောင် တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ပေးကြပါ။ နောင်တချိန် အဖိုးတန်လာမှာဖြစ်ပါတယ်။ နိုင်ငံရဲ့သက်ရှိသယံဇာတဟာ သက်မဲ့သယံဇာတနဲ့တန်းတူပါတယ်။ သက်မဲ့သယံဇာတဟာ ထုတ်ယူတူးဖော်ပြီးရင် ကုန်ပါပြီ၊ အသစ်ပြန်မဖြစ်တော့ပါဘူး။ သက်ရှိသယံဇာတဆိုတာ အမြဲတမ်း လိုသလိုကြိုက်သလို ပွားယူလို့ရတာမို့ ပိုပြီးအဖိုးတန်ပါတယ်။
genetic purification အတွက် ထိန်းသိမ်းကြပါ။
patent law အရ trademark လုပ်ကြပါ။
တော်သေးပြီ။
Aung Kyaw Thu