စပါးက မန်စီးတီးကိုသာ အနိုင်ကန်နိုင်ရင် စပါးတက်တူး ထိုးပစ်မယ်လို့ ပေါမာဆန် အပြတ် အားပေး

စီးတီးရဲ့ ဖလားလုဘက် အာဆင်နယ်အသင်းဟာ မနေ့ညက မန်ချက်စတာ ယူနိုက်တက် ကို ၁-ဝ နဲ့ အနိုင်ယူပြီးနောက် အမှတ်ပေးဇယား ပထမ နေရာမှာ မန်စီးတီးထက် တစ်မှတ် အသာနဲ့ ပြန်လည်ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီး အသင်းက ပွဲကျန် တစ်ပွဲ ရှိနေသေးပြီး လာမယ့် ကြားရက်မှာ တော့တင်ဟမ် စပါးကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်က နှစ်ပေါင်း ၂၀ ကြာ ဝေးကွာနေတဲ့ အာဆင်နယ်အသင်း တစ်ကျော့ပြန် ပရီးမီးယားလိဂ်ဖလား အနိုင်ရရေးမှာ အရေးပါလာမယ့် ပွဲအတွက် စပါးဘက်က အပြတ် အားပေးနေမယ့် အကြောင်း ပေါ်တင် ပြောလာပြီ ဖြစ်ပါတယ်။
တော့တင်ဟမ် စပါး အသင်းဟာ မန်စီးတီးကို အမှတ်လျော့အောင် လုပ်နိုင်မယ် လို့ မထင်ပေမယ့် စပါးနိုင်ရင် တက်တူးပါးပါ ထိုးပစ်မယ် လို့ ကြွေးကြော်ခဲ့ပါတယ်။
” သူတို့ (တော့တင်ဟမ် စပါး)သာ စီးတီးကို နိုင်မယ် ဆိုရင်ဗျာ ကျွန်တော်က.. တော့တင်ဟမ် တက်တူး ကို ထိုးပစ်မှာ.. 😆 ” လို့ ပေါမာဆန်ကလည်း စကိုင်းစပေါ့ အစီအစဉ်ကနေ အသိပေး ပြောဆိုခဲ့တာပါ။
အာဆင်နယ်အသင်းကတော့ ချန်ပီယံဖြစ်လာရင် မေလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ညပိုင်း ၁၀ နာရီခွဲမှာ အမိုးဖွင့်ဘက်စ်ကားနဲ့အတူ လန်ဒန်မြို့တွင်း လှည့်လည်ဖို့ထိပါ ပလန်တွေ ဆွဲထားပြီဖြစ်ပါတယ်။