အာဆင်နယ်ကို ခေါင်းထဲမှာတောင် မရှိဘူးလို့ တုန့်ပြန်လိုက်တဲ့ မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာ

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြ ပပ် ဂွာဒီယိုလာက ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခွင့်ဟာ သူတို့အသင်းရဲ့ လက်ထဲမှာပဲ ရှိတာကြောင့် ချန်ပီယံလုဘက် အာဆင်နယ်ရဲ့ အကြောင်းကို ခေါင်းထဲ မထည့်ထားဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
မနက်ဖြန်ညမှာတော့ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် လန်ဒန်မြို့ခံကလပ် စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အဆိုပါပွဲမှာသာ မန်ချက်စတာ စီးတီးက သရေ (သို့) အရှုံး ရလဒ်ကို ရခဲ့မယ် ဆိုရင် ဂိုးကွာခြားချက် အသာရနေတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ပိုမို အလေးသာသွားဖို့ ရှိပါတယ်။
ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် စပါးကို အဝေးကွင်းမှာ မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်နေပြီး ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ လက်ကျန် ၂ပွဲစလုံးကို အနိုင်ကန်နိုင်ရင် ချန်ပီယံ ဖြစ်ဖို့ သေချာနေတာကြောင့် အာဆင်နယ်ကို ခေါင်းထဲ မထည့်ထားပဲ စပါးနဲ့ ဝက်စ်ဟမ်းတို့ကို ဘယ်လို အနိုင်ယူရမလဲ ဆိုတာပဲ တွေးထားတယ်လို့ ဆိုလာပါတယ်။
ဂွာဒီယိုလာက – “အခုချိန်မှာ ကျွန်တော် အာရုံစိုက်နေတာက စပါး ၊ စပါး ၊ စပါး…။ ဒါပါပဲ။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရတဲ့ အသင်းတွေကပဲ ပြိုင်ဘက်ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်တာပါ။
ကျွန်တော်က ယူနိုက်တက်ဟာ အာဆင်နယ်ကို အနိုင်ရဖို့ မျှော်လင့်ခဲ့မိလားလို့ မေးရင် မျှော်လင့်တယ်လို့ပဲ ဖြေပါမယ်။ အာဆင်နယ်က ဖူလ်ဟမ်ဟာ ကျွန်တော်တို့ကို သရေ (သို့) နိုင်အောင် ကစားနိုင်ပါစေလို့ မျှော်လင့်ခဲ့သလိုပေါ့။ ဒါက သာမန်ပါပဲ။ ခင်ဗျားက အဲ့ဒီ သဘောတရားလေးကို နားလည်ဖို့ ဉာဏ်ကောင်းနေစရာ မလိုပါဘူး။
ကျွန်တော်တို့မှာ ကစားဖို့ ၂ပွဲ ကျန်နေသေးသလို အဲ့ဒီ ၂ပွဲမှာ အနိုင်ရခဲ့ရင် ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ် ဆိုတာ သိပြီးသားပါ။ ဒါကြောင့် ကျွန်တော်တို့က အဲ့ဒီပွဲတွေ အကြောင်းပဲ ခေါင်းထဲ ထည့်ထားပါတယ်။
စပါး ၊ စပါး ၊ စပါး။ အဲ့ဒါပြီးရင် ဝက်စ်ဟမ်း ၊ ဝက်စ်ဟမ်း။ အဲ့ဒီပွဲ ၂ပွဲ ပြီးသွားရင်တော့ ကျွန်တော်တို့က ချန်ပီယံ ဘယ်အသင်းလဲ ဆိုတာ သိရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။