သမိုင်းမှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေးကြီးကို ရအောင်ယူဖို့ စီးတီး အသင်းသားတွေအား ဂွာဒီယိုလာ တိုက်တွန်းပြီ

မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက မန်စီးတီးကြယ်ပွင့်တွေကို လာမယ့် ပွဲစဉ် ၂ ပွဲကို အနိုင်ကစားပြီး မကြုံစဖူး ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်မယ့် သမိုင်းဝင်အခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်ဖို့ ပြောဆိုခဲ့ပါတယ်။

ဒီ အင်္ဂါနေ့ည တော့တင်ဟမ်ဟော့စပါးကွင်းမှာ နိုင်ပွဲရမယ်ဆိုရင် မန်ချက်စတာစီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ သေချာသွားမှာဖြစ်ပါတယ်။

မန်စီးတီးဟာ ဖူလ်ဟမ်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဂိုးကွာခြားချက် သိပ်မကွာဟတော့ဘဲ အာဆင်နယ်က ၃ ဂိုးသာ အသာစီး ရရှိထားတော့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းသာ စပါးနဲ့ ဝက်စ်ဟမ်းတို့ကို အနိုင်ရခဲ့ရင် ဖလားရရှိမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဘာအတွက် ကစားနေလဲဆိုတာကို သိတယ်။ ဒီနေရာမှာ ရှိနေရဖို့က ဘယ်လောက်ခက်ခဲလဲဆိုတာလည်း သိတယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် အဆင်သင့်ဖြစ်နေပြီ။ ကျွန်တော်တို့ရှေ့မှာ သူမတူဘဲ ထူးခြားတဲ့တစ်စုံတခုရှိနေပါတယ်။

ကျွန်တော်တို့ အရာအားလုံးမှာ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ လုပ်ရမယ်။ ကျွန်တော်တို့ မှန်ကန်တဲ့ တင်းအားနဲ့ အောင်ပွဲဆီ ရောက်နိုင်ဖို့ အာရုံစိုက်မှု ရှိဖို့လိုတယ်။

ကျွန်တော်တို့ ဒီပွဲတွေကို အေးအေးဆေးဆေးလုပ်ပြီး ကစားရင် ကြီးမားတဲ့ပြဿနာဖြစ်လာနိုင်တယ်။ စပါးက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကစားသွားမှာ ဖြစ်နိုင်ပြီး သူတို့မှာလည်း ကြီးမားတဲ့ပစ်မှတ် ရှိမှာပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။