လကမ္ဘာပေါ်မှာ ရထားလမ်းဖောက်ဖို့ပါ အဆန်းတကြယ် စီစဉ်နေတဲ့ နာဆာ

လကမ္ဘာပေါ်ကို လူသားတွေ နောက်ဆုံးရောက်ခဲ့တာ ၁၉၇၂ ခုနှစ်က Apollo 17 mission ဖြစ်တာကြောင့် နှစ်ပေါင်း ၅၀ ကျော်ကြာသွားပါပြီ။ အခုတစ်ခါ Artemis mission တွေနဲ့ လကမ္ဘာကိုပြန်လည်ခြေချပါတော့မယ်။

Artemis mission တွေကတော့ Mars ပေါ်ခြေမချမီ အကြိုပြင်ဆင်မှုအနေနဲ့ ကမ္ဘာသစ်မှာဘယ်လိုနေထိုင်ရမယ်ဆိုတာကို လေ့လာဖို့အတွက်ဖြစ်ပါတယ်။ ၂၀၂၂ နိုဝင်ဘာတုန်းက Artemis 1 ခရီးစဉ်မှာ လူမဲ့ယာဉ်နဲ့သွားရောက်ပြီးပါပြီ။ လာမယ့် ၂၀၂၅ နှစ်ကုန်မှာထွက်ခွာမယ့် Artemis 2 မှာတော့ လူသားတွေပါပါဝင်မှာပါ။

နောက်ထပ်အစီအစဉ်အနေနဲ့ NASA ကလာမယ့် ၂၀၃၀ ပြည့်နှစ်လွန်ကာလတွေမှာ လကမ္ဘာပေါ်မှာ Flexible Levitation on a Track (FLOAT) လို့နာမည်ပေးထားတဲ့ ရထားလမ်း‌စနစ်ကိုဖောက်ဖို့ စီစဉ်နေပါတယ်။
မောင်းသူမဲ့ ရထားလမ်းမှာ အလွှာ ၃ ခုပါဝင်မှာဖြစ်ပါတယ်။

Graphite layer ကကမ္ဘာပေါ်က Maglev train (သံလိုက်ရထား) လိုပဲ ရထားကိုပြေးလမ်းနဲ့မထိအောင် သံလိုက်နဲ့မြှင့်တင်ပေးပါတယ်။

Flex-circuit layer ကလျှပ်စစ်သံလိုက်နဲ့ ရထားကို ထိန်းချုပ်မောင်းနှင်နိုင်အောင်စွမ်းဆောင်ပေးပါတယ်။

Solar panel layer ကတော့ ရထားမောင်းနှင်ဖို့လိုအပ်တဲ့ စွမ်းအင်ကို နေရောင်ခြည်ကနေ ရယူပေးပါတယ်။ ရထားလမ်းက Flexible ဖြစ်တာကြောင့် လမ်းကြောင်းတွေကို လိုသလိုအပြောင်းအလဲလုပ်နိုင်ပါတယ်။

ရထားဆိုပေမဲ့ ကမ္ဘာပေါ်မှာမြင်တွေ့နေကျ ရထားတွေလိုတော့ အကြီးကြီးမဟုတ်ပါဘူး အလွှာ ၃ လွှာပါတဲ့ ရထားလမ်းပေါ်မှာ စက်ရုပ်ရထားတွဲအသေးလေးတွေနဲ့ ကုန်ပစ္စည်းများကိုသယ်ဆောင်ပေးမှာပါ။

FLOAT ရထားတွေက လရဲ့မြေဆီလွှာ (regolith) နှင့်ကုန်ပစ္စည်းများကို တစ်စက္ကန့် ဝ.၅ မီတာ (တစ်နာရီ ၁.၈ ကီလိုမီတာ) နှုန်းနဲ့ တစ်နေ့ တန်ချိန် ၁၀၀ လောက်ထိ သယ်ဆောင်ပေးနိုင်ပါမယ်။