မိုး မစို့မပို ရွာထားလို့ ပိုမို မြင့်တက်လာဦးမယ့် အပူချိန်များနဲ့ ဒီရက်ပိုင်း မိုးလေဝသ အခြေအနေ

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ယခုမေလ ၁၉ ရက်အထိ အပူချိန်များ ဆက်လက်မြင့်တက်လျက် ရှိမည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားသည်။
မုတ်သုံမဝင်မီ တစ်ကျော့ပြန် အပူချိန်မြင့်တက်မှုအနေဖြင့် မြန်မာနိုင်ငံ (အလယ်ပိုင်းဒေသ)များဖြစ်သည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အပူချိန် ၄၄ ဒီဂရီဆဲစီးယပ် အထိ မြင့်တက်လာနိုင်ကြောင်း ၎င်းကခန့်မှန်းထားသည်။
“မိုးကလည်း မစို့မပို့ရွာထားတော့ စိုထိုင်းဆတွေက မြင့်နေမယ်။ စိုထိုင်းဆတွေမြင့်နေတော့ ခံစားရတဲ့ အပူချိန်က ၄၄ ဒီဂရီ ဆဲစီးယပ်ထက် ကျော်တဲ့နေရာတွေကျော်လာဦးမယ်” ဟု မိုးလေဝသစောင့်ကြည့် လေ့လာသူ ဦးဝင်းနိုင် ကဆိုသည်။
ထို့ပြင် နောက်လာမည့်ရက်သတ္တပတ် မေလ ၂၀ ရက်အထိ ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသဖြစ်စဉ် ဖြစ်ပေါ်မည် မဟုတ်ကြောင်း အိန္ဒိယမိုးလေဝသဌာန၏ထုတ်ပြန်ချက်ကို ကိုးကားပြီး ဦးဝင်းနိုင် က လူမှုကွန်ရက်တွင်ခန့်မှန်းရေးသားထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်များအရ နေပြည်တော်၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း ယနေ့(မေ ၁၄ ရက်) မွန်းလွဲပိုင်းက ထုတ်ပြန်ထားသည်။