မန်စီးတီးအသင်း အတွက် ခဏပဲ ဝင်ကစားခဲ့ပေမယ့် မယုံနိုင်စရာ လက်စွမ်းပြပြီး ဟီးရိုး ဖြစ်ခဲ့တဲ့ အော်တေဂါ
မနေ့ညက စပါးကို နိုင်တဲ့ပွဲမှာ မန်စီးတီးအသင်း ဒုတိယဂိုးသမား အော်တေဂါဟာ ဒုတိယပိုင်းမှ လူစားဝင်ကစားရပေမဲ့ အကောင်းဆုံးလက်စွမ်းပြပြီး မန်စီးတီးအသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့ပါတယ်။
ပွဲထွက်ဂိုးသမား အီဒါဆင်ဟာ ဒုတိယပိုင်းမိနစ် ၆၀ ကျော်မှာ စပါးအသင်းနောက်ခံလူ ရိုမဲရိုးနဲ့ ထိခိုက်မိတာကြောင့် မျက်နှာမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ဂွါဒီယိုလာက အီဒါဆင်ကို အော်တေဂါနဲ့ လူစားလဲခဲ့ပါတယ်။ လူစားလဲခံရချိန်မှာ အီဒါဆင်တစ်ယောက် မကျေမနပ်ဖြစ်ပြီး ဂွါဒီယိုလာက နှစ်သိမ့်ခဲ့ပေမဲ့လည်း အီဒါဆင်ဟာ အရန်ခုံပေါ်မှာ ဒေါသပေါက်ကွဲခဲ့ပါတယ်။
လူစားဝင်ကစားခဲ့ရတဲ့ အော်တေဂါဟာ ပွဲချိန်အတွင်း ကူလူဆက်ဗ်စကီးရဲ့ ဂိုးပေါက်ကန်ချက် ၂ ကြိမ်ကို ကာကွယ်ခဲ့သလို အကောင်းဆုံးစွမ်းဆောင်ရည်အဖြစ် ဆွန်ဟောင်မင် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီးတော့ အပိုင်ကန်ခဲ့တာကို မယုံနိုင်လောက်အောင် တားဆီးနိုင်ခဲ့ပါတယ်။
အော်တေဂါရဲ့ကာကွယ်မှုကို ဂွါဒီယိုလာကိုယ်တိုင် အံ့အားသင့်ခဲ့ရပြီး ဟန်မဆောင်နိုင်လောက်အောင်ဘဲ မြေပြင်ပေါ် လဲကျသွားတဲ့အထိဖြစ်ခဲ့ပါတယ်။
စပါးအသင်းနဲ့ပွဲမှာ အော်တေဂါဟာ မိနစ် ၃၀ လောက်သာ ကစားခဲ့ရပေမဲ့ ဒိုင်ဗင်ပစ်ကာကွယ်နိုင်မှု ၁ ကြိမ်၊ ပယ်နယ်တီ ဧရိယာအတွင်း ဂိုးသွင်းခွင့်ကာကွယ်နိုင်မှု ၃ ကြိမ်ပြုလုပ်ပြီး အဲဒီပွဲရဲ့ Man of The Match ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ အော်တေဂါဟာ မန်စီးတီးအသင်းအတွက် လူစားဝင်ကစားခွင့်ရတဲ့ပွဲတွေမှာ ဂိုးပေါက်တည့်မှု ၁၃ ကြိမ်ထဲက ၁၁ ကြိမ်အထိ ကာကွယ်နိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၅ % အထိရှိပါတယ်။
စပါးအသင်းနဲ့ပွဲမှာ အော်တေဂါရဲ့ လက်စွမ်းပြမှုကြောင့် မန်စီးတီးတို့ အဖိုးတန် ၃ မှတ်ရယူနိုင်ခဲ့သလို ၄ ရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် ဆက်လက်ရှင်သန်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက “ကျွန်တော်တို့အသင်းကို အော်တေဂါက ကယ်တင်ပေးခဲ့ပါတယ်။ သူ့ကြောင့်သာမဟုတ်ရင် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားပါပြီ”လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။