စပါးကွင်းသစ်မှာ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲရသွားတဲ့ မန်စီးတီးတို့ ချန်ပီယံ ဖြစ်ဖို့ မိနစ် ၉ဝ အလို ရောက်ရှိ

ညက တော့တင်ဟမ်စပါး ကွင်းသစ်မှာ ကစားခဲ့တဲ့ စပါးနဲ့ စီးတီးပွဲမှာ မန်စီးတီးအသင်းကပဲ ၂-ဝ နဲ့ အမှားအယွင်း မရှိ ဂိုးပြတ်နိုင်ပွဲ ရသွားပါတယ်။

အခုပွဲမှာ အဆုံးအဖြတ်ဖြစ်သွားတာက အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ စွမ်းဆောင်ရည်အပိုင်းပါပဲ။ နှစ်သင်း စလုံးဟာ ဂိုးသွင်းခွင့်ဆတူရခဲ့ပေမဲ့ Finishing ပိုကောင်းတဲ့ မန်စီးတီးအသင်း ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်လုံး အမှားမခံဘဲ သတိကြီးကြီးထားနေရတာကြောင့် ပွဲရဲ့ Tempo က အရမ်းကြီး မမြင့်ခဲ့ပေမဲ့ အချိန်တိုင်းမှာ ဘာဖြစ်မလဲဆိုတာကို ရင်တမမနဲ့စောင့်ကြည့်ခဲ့ရပါတယ်။

ဘန်တန်ကော်ရဲ့ အပိုင်ကန်ချက်ကို အီဒါဆင် ကာကွယ်နိုင်ခဲ့သလို ဖိုဒန်ရဲ့ သေချာပေါက် ဂိုးရမဲ့အခွင့်အရေးကို ဗစ်ကာရီယို မယုံနိုင်စရာ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာ ညာခြမ်းကနေ ဒီဘရိုင်းနား ချိုးပေးလိုက်တာကို ဟာလန်းက အပိုင်ပိတ်သွင်းခဲ့ပြီး ဒါက စပါးအသင်း ပယ်နယ်တီဧရိယာအတွင်း ဟာလန်းရဲ့ ပထမဆုံးဘောလုံးထိချက်ကနေ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ Tottenham Hotspur stadium ကွင်းမှာ ၄၁၁ မိနစ်အကြာ၊ ဂိုးပေါက်ကန်ချက် ၇၉ ကြိမ်မြောက်မှ ပရီးမီးယားလိဂ် ပထမဆုံး သွင်းဂိုးရခဲ့တာဖြစ်သလို ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် စပါးအသင်းဘက်ကို ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်ခဲ့ပါတယ်။

ဂိုးဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းနားဟာ တစ်ရာသီကို ဂိုးဖန်တီးမှု ၁၀ ကြိမ်နဲ့အထက် ၆ ရာသီဆက်တိုက် ပြုလုပ်နိုင်တဲ့ကစားသမားဖြစ်လာပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အာဆင်နယ်နဲ့ချယ်ဆီးနာမည်ကျော်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်နဲ့အတူ စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စပါးအသင်းဟာ ချေပဂိုးရဖို့ အခွင့်အရေးကောင်းတွေရခဲ့တဲ့ ကူလူဆက်ဗ်စကီးရဲ့ အခွင့်အရေး ၂ ကြိမ်၊ ဆွန်ဟောင်မင် လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရတာကို မန်စီးတီးဂိုးသမား အော်တေဂါ မယုံနိုင်လောက်အောင် ကာကွယ်နိုင်ခဲ့တာကြောင့် စပါးအသင်း ကံဆိုးခဲ့ရတယ်လို့ပြောရမှာပါ။

အီဒါဆင် ဒဏ်ရာရသွားလို့ လူစားဝင်ကစားခဲ့ရတဲ့ အော်တေဂါဟာ အီဒါဆင်ထက်တောင် လက်စွမ်းပြနိုင်ပြီး မန်စီးတီးအသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့ရပါတယ်။

မန်စီးတီးအတွက် ဒုတိယဂိုးကို ဒိုကူကြောင့်ရတဲ့ ပယ်နယ်တီကနေ ဟာလန်းက အမှားအယွင်းမရှိ သွင်းယူခဲ့လို့ ၂-၀ ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပြီး မန်စီးတီးအသင်းဟာ ၂၀၁၈ နောက်ပိုင်း စပါးအသင်းကို ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲရခဲ့သလို Tottenham Hotspur stadium ကွင်းမှာ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲ ရယူခဲ့တာဖြစ်ပါတယ်။

အခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ အာဆင်နယ်ကို ၂ မှတ်ဖြတ်ပြီးတော့ အဆင့် ၁ နေရာ ပြန်လည်ရောက်ရှိလာပြီး ပရီးမီးယားလိဂ်စံချိန်တင် ၄ ရာသီဆက် ချန်ပီယံဖြစ်ဖို့ ၁ ပွဲသာ လိုပါတော့တယ်။