အကြံဆိုးကြီး မအောင်မြင်ရဘဲ ဖလားပါ လွဲတော့မယ့် ဂန်းနားဖန်တွေအား ဝေါ်ကာကတော့ သရော်လိုက်ပါပြီ

မန်စီးတီးအသင်း နောက်ခံလူ ကိုင်လီ ဝေါ်ကာက စပါးနဲ့ပွဲမတိုင်ခင် စီးတီး အသင်းသားတွေ အိပ်မရအောင် မန်ချက်စတာ ဟိုတယ် အပြင်ဘက်မှာ မီးရှူးမီးပန်းတွေ လာဖောက်ကြတဲ့ အာဆင်နယ် ပရိသတ်တွေအား လှောင်ပြောင်ခဲ့ပါတယ်။
ဝေါ်ကာဟာ တော့တင်ဟမ်ဟော့စပါးကွင်းသစ်မှာ ၂-၀ နဲ့ ပထမဆုံးသော နိုင်ပွဲရယူနိုင်ခဲ့တဲ့အပြင် ၄ နှစ်ဆက် ပရီးမီးယားလိဂ်ဖလားကို သမိုင်းဝင်ကိုင်မြှောက်နိုင်တော့မယ့်အရေးကြောင့် ဝမ်းမြောက်ပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဝေါ်ကာက စပါးနဲ့ပွဲမတိုင်ခင် မန်စီးတီးကစားသမားတွေကို အိပ်ရေးပျက်အောင်လုပ်ဖို့ ကြိုးစားခဲ့တဲ့ အာဆင်နယ်ပရိသတ်တွေကို ရည်ညွှန်းပြီး လှောင်ပြောင်သရော်ခဲ့ပါတယ်။
အမှန်တော့ ဂန်းနားပရိသတ်အချို့ မီးရှူးမီးပန်းသွားဖောက်ခဲ့တဲ့ ဒယ်တာဟိုတယ်ဝယ်လ်သမ်အက်ဘီမှာ မန်စီးတီးကစားသမားတွေ မရှိနေခဲ့တာဖြစ်ပါတယ်။
“မနေ့ညက ကျွန်တော် အိပ်မပျော်ဘူးဗျ။ သူတို့တွေက မီးရှူးမီးပန်းတွေ လာဖောက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီမှာ မရှိခဲ့ပါဘူး။ သူတို့တွေ ကျွန်တော်တို့နဲ့ လွဲသွားခဲ့တယ်။ ကျွန်တော်တို့ ၂-၀ နဲ့ နိုင်သွားတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်ကို မဖော်ပြနိုင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။