မန်စီးတီးက ယူ-၁၄ အသင်းနဲ့ ထုတ်ကန်လာရင်တောင် ဝက်စ်ဟမ်းက မနိုင်ပါဘူး လို့ အပြတ် ကြိုပြောလိုက်တဲ့ ဒေးဗစ် မိုယက်စ်

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ မန်စီးတီးကို တားဆီးနိုင်စရာအကြောင်း မရှိပါဘူးလို့ ဝန်ခံခဲ့ပြီး အာဆင်နယ်ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ချိုးဖျက်ခဲ့ပါတယ်။

မိုယက်စ်ဟာ ဝက်စ်ဟမ်းနည်းပြဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပွဲစဉ် ၃၈ မှာ မန်စီးတီးကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ ဥရောပဝင်ခွင့်မျှော်လင့်ချက် မရှိတော့တာကြောင့် ဂုဏ်သိက္ခာပိုင်း အတွက်သာ အဆိုပါပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းကိုသာ ကျော်ဖြတ်ပြီး ဗိုလ်စွဲနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ဖလားကို ၄ရာသီဆက် ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်နိုင်တော့မှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဆုဖလားပြိုင်ဘက် အာဆင်နယ်ပရိသတ်တွေဟာ ပရီးမီးယားလိဂ်နောက်ဆုံးရက်မှာ ဝက်စ်ဟမ်းဘက်ကနေ အားပေးဖို့ အသင့်ရှိနေခဲ့ကြပါတယ်။

ဒါပေမယ့် မိုရက်စ်ကတော့ အဆိုပါပွဲစဉ်မှာ ဝက်စ်ဟမ်းကို သိပ်မျှော်လင့်ချက်မထားကြဖို့ သွယ်ဝိုက်သောစကားဖြင့် မက်ဆေ့ပေးခဲ့ပါတယ်။

မိုယက်စ်က “မန်စီးတီးက ယူ-၁၄ က ကလေးတွေထည့်ကန်ရင်တောင် သူတို့ ဖလားမရအောင် တားဆီးနိုင်ဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံး ကြိုးစားသွားဖို့ ကစားသမားတွေကို အသိပေးထားပါတယ်။

ပရော်ဖက်ရှင်နယ်ကျကျ ကစားရမှာပေါ့။ ကျွန်တော်တို့ အစွမ်းကုန် တတ်နိုင်သလောက် ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ အဆိုပါ ပြောဆိုမှုကြောင့် လူမှုကွန်ရက်ပေါ်မှာ စိတ်ပျက်မှုကို ပြသခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် အဲဗာတန်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးက နောက်ဆုံးပွဲမှာ သရေ၊ အရှုံး ဖြစ်မှသာ ဂန်းနားတို့ ချန်ပီယံ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။