ရာသီသိမ်းပွဲမှာ ဝက်စ်ဟမ်းကို အပီကြိတ်မယ့် အကြောင်း ကြုံးဝါးထားတဲ့ စီးတီး တိုက်စစ်မှုး ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး ဟာလန်းကတော့ ပြီးခဲ့တဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ စီးတီးအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးသွင်းယူပေးခဲ့ပြီး ဆုဖလား ရရှိဖို့အတွက် သေချာသလောက်အခြေအနေကို ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာလည်း ဂိုးတွေထပ်သွင်းဦးမယ့်အကြောင်း ဟာလန်းက သတိပေးလာခဲ့ပါတယ်။

လာမယ့်ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကို အနိုင်ရခဲ့မယ်ဆိုရင်တော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်မှာဖြစ်တာကြောင့် စံချိန်သစ်တင်နိုင်မှာဖြစ်ပြီး ယခုအခါမှာ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ အဓိကပြိုင်ဘက် အာဆင်နယ်ကို ၂ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။

မန်စီးတီးအပြင် အသင်းရဲ့တိုက်စစ်မှူး ဟာလန်းကလည်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ၂ နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေပြီး ယခုအခါမှာတော့ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ပက်ဂွါဒီယိုလာအတွက် ၆ ကြိမ်မြောက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပေးဖို့ စိတ်အားထက်သန်နေပုံပေါ်ပါတယ်။

နောက်ဆုံးပွဲစဉ်မကစားခင်မှာ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ အင်စတာဂရမ်မှတစ်ဆင့် “အလုပ်မပြီးသေးဘူး” ဆိုတဲ့ စာသားနဲ့အတူ သူ့ပုံကို ဝေမျှလာခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းကို အနိုင်ကစားပြီး ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးသွားနိုင်ဖို့ သေချာသလောက်ရှိနေတဲ့ မန်စီးတီးဟာ မေလ ၂၅ ရက်နေ့မှာလည်း အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်အဖြစ် ယူနိုက်တက်နဲ့ကစားရဖို့ရှိတာကြောင့် ဖလား ၂ လုံးနဲ့ရာသီသိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။