ထိုင်းမှာ တရုတ်ပြီးရင် မြန်မာက ကွန်ဒို ဝယ်မှု ဒုတိယ အမြင့်ဆုံးဖြစ်လာ

ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားကွန်ဒိုဝယ်ယူမှုမှာ မြန်မာက ရုရှားကိုကျော်တက်ပြီး ဒုတိယအများဆုံးဝယ်ယူတဲ့နေရာကိုရောက်သွားပြီလို့ ထိုင်းအိမ်ခြံမြေသတင်း အချက်ထုတ်ပြန်ရေးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေကဖော်ပြပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်း၀ယ်ယူမှုဟာ ၂၀၂၄ ပထမ ၄ လ အတွင်းမှာတင် ဘတ်ငွေ ၂ ဒသမ ၂၁ ဘီလီယံအထိရှိခဲ့ပြီး အခန်းပေါင်း ၃၉၂ အခန်းအထိ ၀ယ်ယူခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါဟာ ထိုင်းအိမ်ခြံမြေစျေးကွက်ရောင်းအားရဲ့ ၁၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားတွေက ၀ယ်ယူခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပထမ နေရာမှာတော့ တရုတ်နိုင်ငံသားတွေက ၄၁ ရာခိုင်နှုန်းနဲ့ ပထမ၊ မြန်ာက ၁၀ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ရုရှားနိုင်ငံသားတွေက ၅ ရာခိုင်နှုန်းနဲ့ တတိယ နေရာတွေမှာ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အထိ ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ခန်းအထိ နိုင်ငံခြားသား တွေ၀ယ်ယူခဲ့ကြပြီး ထိုင်းဘတ်ငွေ ( ၁၈ ဒသမ ၂ ) ဘီလီယံ ရခဲ့တယ်လို့လည်း ထိုင်းအိမ်ခြံမြေ သတင်းအချက် ထုတ်ပြန်ရေးဌာန ကပြောပါတယ်။

နိုင်ငံခြားသားတွေ ကွန်ဒို ဝယ်ယူတာဟာ မနှစ်ကထက်အခန်းပေါင်း ၅ ရာခိုင်နှုန်းနီးပါးအထိတိုး၀ယ်လာကြတာဖြစ်ပြီး ငွေအားဖြင့်လည်း ၅ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း ပြောပါတယ်။