မန်စီးတီး – ဝက်စ်ဟမ်းပွဲက ဘယ်လို ရလဒ်ထွက်လာမလဲ အောင့်သက်သက်နဲ့ ခန့်မှန်းချက် ထုတ်သွားတဲ့ ပေါမာဆန်

ပရီးမီးယားလိဂ် ချန်ပီယံ အဆုံးအဖြတ် နောက်ဆုံးပွဲ ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ ဝက်စ်ဟမ်းတို့ရဲ့ ဒီတနင်္ဂနွေနေ့ ပွဲစဉ် အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ကြိုတင် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ဒီပွဲဟာ တနင်္ဂနွေနေ့ ည ၉ နာရီမှာ ကန်မှာ ဖြစ်ပြီး စီးတီးက အီတီဟက်ကွင်းမှာ ဧည့်ခံ ကစားရမှာပါ။

မန်စီးတီး သရေ၊ အရှုံး ဖြစ်မှသာ ပေါမာဆန်ရဲ့ အသင်းဟောင်း အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မှာ ဆိုပေမယ့် ဂန်းနားဟောင်းကြီးကတော့ အောင့်သက်သက်နဲ့ပဲ စီးတီး အနိုင်လို့ ခန့်မှန်းထားပုံ ရပါတယ်။


ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်စီးတီးကတော့ ပရီးမီးယားလိဂ်ကို ၄ ရာသီဆက်တိုက် အောင်မြင်သွားဖွယ် ရှိနေပါတယ်။ ဘောလုံးရာသီရဲ့ အဆုံးသတ်ပွဲကောင်းဖြစ်ပေမယ့် သူတို့ ထိတ်လန့်ရမှုတွေ ရှိမလာအောင်လို့ ဂိုး ခပ်စောစော သွင်းသင့်ပါတယ်။ စပါးပွဲတုန်းက သူတို့ တုန်လှုပ်နေမှုတွေ ရှိခဲ့ပါတယ်။

ရာသီသိမ်းပွဲမှာ ကိစ္စတွေ အများကြီး ဖြစ်နိုင်ပေမယ့် မန်စီးတီးကော အာဆင်နယ်ကောပါ ဂိုးခပ်စောစော သွင်းနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲ တစ်သင်း အပါအဝင်ဖြစ်ပါတယ်။

အီဒါဆန် ဒဏ်ရာရသွားပေမယ့် အော့တီဂါ ဝင်လာပြီး အံ့မခန်း ကာကွယ်သွားခဲ့တယ်။ ဒါကပဲ စီးတီးရဲ့ အရန်လူစာရင်းဟာ ဘယ်လောက်ထိ တောင့်တင်းသလဲ ပြသနေပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်

မန်စီးတီး ၂-ဝ ဝက်စ်ဟမ်း ဖြစ်ပါတယ်။