အဲဗာတန် ဘာလုပ်နိုင်မလဲ မျှော်လင့်မနေဘဲ ကိုယ့် အလုပ် ကိုယ်လုပ်ကြလို့ ပက် ကတော့ ဆော်သြနေပါပြီ

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ အာဆင်နယ်နဲ့ ကစားရမယ့် အဲဗာတန်ဆီကနေ ဘာမှ မမျှော်လင့်ဖို့ ကစားသမားတွေကို သတိပေးခဲ့ပါတယ်။
မန်စီးတီးဟာ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်နဲ့ အဲဗာတန်တို့ပွဲအဖြေက ဘယ်လိုပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်ဖလားကို မကြုံစဖူး ၄ နှစ်ဆက်တိုက် ဆွတ်ခူးသွားနိုင်တော့မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ ဝက်စ်ဟမ်းကို နောက်ဆုံးပွဲစဉ်အဖြစ် တာဝန်ယူကိုင်တွယ်မယ့် ဒေးဗစ် မိုရက်စ်ကြောင့် ခက်ခဲတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပြီး အဲဗာတန်နဲ့ ကစားရမယ့် အာဆင်နယ်ရဲ့ ပွဲစဉ်ကို အာရုံမစိုက်ဘဲ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုသာ လုပ်ကြဖို့ ကစားသမားတွေကို သတိပေးလိုက်တာဖြစ်ပါတယ်။
“အဲဗာတန်က မနက်ဖြန်ကျရင် တစ်ခုခု လုပ်နိုင်လိမ့်မယ်လို့ ထင်နေရင် မေ့လိုက်တော့။ ဝက်စ်ဟမ်းနဲ့ပွဲက အနိုင် ဒါမှမဟုတ် အနိုင်ပဲ ဖြစ်ရလိမ့်မယ်ဆိုတာ မန်စီးတီးကစားသမားတွေ သိပါတယ်။ အဲဒီလိုမဟုတ်ရင် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံတွေဖြစ်သွားလိမ့်မယ်။
ကျွန်တော်တို့ ၁၀ မိနစ်လောက်အကြာမှာ ၃-၀ လောက် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော် ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမယ့်ပွဲအတွက် အဆင်သင့်ပါပဲ။ ကျွန်တော် ကစားသမားတွေရဲ့ စိတ်ထဲမှာ ထည့်ထားစေချင်တာက အင်္ဂါနေ့က စပါးကို ကြည့်လိုက်။ သူတို့တွေ ထွက်လာတဲ့ဘောလုံးတိုင်းအတွက် ဘယ်လို တိုက်ပွဲဝင်ခဲ့လဲဆိုတာ။
ဝက်စ်ဟမ်းကလည်း ကျွန်တော်တို့ အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ ကျွန်တော် အဲဒါကို သံသယမရှိပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အက်စတန်ဗီလာနဲ့တုန်းကအတိုင်းပဲဖြစ်ပါလိမ့်မယ်။ သူတို့တွေက တူညီတဲ့ နေရာမှာ ရှိနေတယ်။ သူတို့တွေက ဘာအတွက်မှ ကစားစရာမရှိတော့ဘူး။
ကျွန်တော်တို့ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိကြတာပဲ။ ကျွန်တော်တို့ ပရိသတ်တွေက ဒီကိုလာပြီး ကျွန်တော်တို့နဲ့အတူ ရှိနေဖို့နဲ့ အတူတူ နိုင်ပွဲရယူဖို့ ပထမဆုံးမိနစ်ကတည်းက အဆင်သင့်ဖြစ်နေကြလိမ့်မယ်။ ကျွန်တော်တို့ အနိုင်မရခဲ့ရင်တောင်မှ ကစားသမားတွေက ဒီကာလမှာ အရမ်းကောင်းခဲ့ကြပါတယ်။
ကျွန်တော်တို့ ဒီမှာ အတူတူ ရှိနေကြပါသေးတယ်။ ဘာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျား ရာသီအစမှာ ပရီးမီးယားလိဂ်အသင်းတွေအားလုံးကို ရာသီနောက်ဆုံးပွဲမှာ ပိုကောင်းတဲ့နေရာက ဘယ်နေရာဖြစ်မလဲလို့မေးရင် ကျွန်တော်တို့ ခုရှိနေတဲ့နေရာလို့ ပြောမှာပါ။
ဒါက သေချာတယ်။ ကျွန်တော်တို့ တစ်ပွဲပဲ ကစားဖို့ကျန်တယ်။ ကံကြမ္မာက ကျွန်တော်တို့ လက်ထဲမှာပဲ”လို့ ပြောကြားခဲ့ပါတယ်။