ဒီည ပရီးမီးယားလိဂ် ဖလား ယူပြလိုက်ရင် ဘောလုံးကမ္ဘာရဲ့ စီးတီးအပေါ် အမြင်ကိုပါ ပြောင်းလဲနိုင်မယ် လို့ ပက် ယုံကြည်နေ

စီးတီး နည်းပြ ပက်ဂွါဒီယိုလာက တနင်္ဂနွေနေ့ညမှာ ပရီးမီးယားလိဂ်ဖလားအား ၄ ကြိမ်ဆက် ဆွတ်ခူးလာနိုင်ပါက မန်စီးတီးကို ဘောလုံးကမ္ဘာက လေးစားမှု ရှိလာကြလိမ့်မယ်လို့ ပြောကြားလာပါတယ်။

မန်စီးတီးဟာ ရာသီသိမ်းပွဲအဖြစ် အီတီဟတ်ကွင်းမှာ ဝက်စ်ဟမ်းမှာ ဧည့်ခံကစားရပါမယ်။ ၎င်းတို့ဟာ ဒုတိယနေရာမှ အာဆင်နယ်ကို ၂ မှတ်ထားပြီး ဝက်စ်ဟမ်းကို အနိုင်ရရှိလျှင် ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ်ဆက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါမယ်။

တဖက်တွင် မန်စီးတီးသာ ဝက်စ်ဟမ်းကို သရေ (သို့မဟုတ်) ရှုံးနိမ့်လာလျှင် အာဆင်နယ်မှာ အဲဗာတန်ကို အနိုင်ရရှိပါက ချန်ပီယံ ဖြစ်လာပါမယ်။

အင်္ဂလန်တွင် မည်သည့်အသင်းမျှ ၄ ကြိမ်ဆက် အမှတ်ပေးဖလား ဆွတ်ခူးဖူးခြင်း မရှိပါဘူး။

ဒီတကြိမ် စီးတီးက ယူပြနိုင်လိုက်ရင် လေးစားမှု ရရှိလာမလားလို့ မေးမြန်းလာချိန်တွင် ဂွါဒီယိုလာက ” ကျွန်တော်တော့ ထင်တယ်။ ဘောလုံးကမ္ဘာရဲ့ လေးစားမှု ရလာဖို့ သေချာတယ်”လို့ ပြောကြားသွားပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ခုကို ချိုးဖောက်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရချိန်တွင် အမှတ်ပေးဖလား ၄ ကြိမ်ဆက် ဆွတ်ခူးလာနိုင်ရန် အခြေအနေကောင်းနေတာလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တွင် မန်စီးတီးသာ အနိုင်ရရှိပါက ဂွါဒီယိုလာအတွက် ၆ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာမှာ ဖြစ်ပါတယ်။ မန်စီးတီးမှာလည်း ၂၀၁၂ ခုနှစ်တွင် ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက် ၈ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရရှိလာပါမယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း မန်စီးတီးဟာ ယခုကဲ့သို့ အခြေအနေမျိုးဖြင့်ပင် လီဗာပူးကို ၁ မှတ်သာ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးဟာ ဗီလာကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေပြီးမှ ပြန်လည်အနိုင်ယူကာ ချန်ပီယံဖြစ်ဖူးပါတယ်။

၂၀၁၂ ခုနှစ်တုန်းကလည်း မန်စီးတီးဟာ ဆာဂျီယိုအဂွဲရိုးရဲ့ ၉၄ မိနစ်ဂိုးဖြင့် ကျူပီအာအား ၂-၁ ဖြင့် အနိုင်ရရှိကာ မြို့ခံပြိုင်ဘက် ယူနိုက်တက်အား နောက်ကောက်ချ ချန်ပီယံဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့တွင် မန်စီးတီး ဧည့်ခံကစားရမဲ့ ဝက်စ်ဟမ်းမှာ ယခုပွဲမှာ ဘယ်လို ရလဒ်ထွက်ပေါ်လာပါစေ အဆင့် ၉ နေရာမှာသာ ရပ်တည်နိုင်ပါမယ်။