ခါးပိုက်နှိုက်ရန်ကာကွယ်ဖို့ YBS ကားတိုင်း CCTV တပ်ဆင်ရမည်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ကားတွေပေါ်မှာ ခါးပိုက်နှိုက်ခံရတာတွေ များလာတာကြောင့် CCTV ကင်မရာတွေနဲ့ သတိပေးစတစ်ကာတွေ တပ်ဆင်ပေးသွားမယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးဆီက သိရပါတယ်။

YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “CCTV ဖွင့်ပြီး မောင်းတဲ့ ယာဉ်တွေမှာဖြစ်ရင် YRTC ရဲ့ Control Center ကနေ ပြန်ကြည့်ပြီး နောက်ဆက်တွဲ ဖော်ထုတ်နိုင်ပေမယ့် CCTV မတပ်ထားတဲ့ ယာဉ်တွေမှာကျတော့ လုပ်ရကိုင်ရ ခက်ခဲပါတယ်။ ဒါကြောင့်လည်း အများပြည်သူတွေအနေနဲ့ သတိပြုကာကွယ်နိုင်ဖို့ သတိပေးတဲ့အနေနဲ့ ကပ်သွားမှာပါ” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တွေအားလုံး လာမယ့် ဇွန်လကုန်ထိ နောက်ဆုံးထား CCTV တပ်ဆင်ရမှာဖြစ်ပြီး မတပ်ဆင်တဲ့ ယာဉ်တွေကို လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ YRTC ရုံး ဆီက သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်း နေ့စဉ်​ YBS ယာဉ်လိုင်း ၁၃၁ လိုင်းပြေးဆွဲနေပြီး ယာဉ်အစီးရေ ၃,၈၀၀ လောက်နဲ့ ခရီးသည် ၁၆ သိန်း သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။