ထိုင်းကွန်ဒိုတွေ ဝယ်ယူမှု အများဆုံး ၂ နိုင်ငံစာရင်းထဲ မြန်မာပါဝင်လာပါပြီ

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားကွန်ဒိုဝယ်ယူမှုမှာ မြန်မာက ရုရှားကိုကျော်တက်ပြီး ဒုတိယအများဆုံးဝယ်ယူတဲ့နေရာကို ရောက်သွားပြီလို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်း၀ယ်ယူမှုဟာ ၂၀၂၄ ပထမ ၄ လ အတွင်းမှာတင် ဘတ်ငွေ ၂ ဒသမ ၂၁ ဘီလီယံအထိရှိခဲ့ပြီး အခန်းပေါင်း ၃၉၂ အခန်းအထိ ၀ယ်ယူခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါဟာ ထိုင်းအိမ်ခြံမြေစျေးကွက်ရောင်းအားရဲ့ ၁၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားတွေက ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

ပထမ နေရာမှာတော့ တရုတ်နိုင်ငံသားတွေက ၄၁ ရာခိုင်နှုန်းနဲ့ ပထမ၊ မြန်မာက ၁၀ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ရုရှားနိုင်ငံသားတွေက ၅ ရာခိုင်နှုန်းနဲ့ တတိယ နေရာတွေမှာ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အထိ ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ခန်းအထိ နိုင်ငံခြားသား တွေ၀ယ်ယူခဲ့ကြပြီး ထိုင်းဘတ်ငွေ ( ၁၈ ဒသမ ၂ ) ဘီလီယံ ရခဲ့တယ်လို့လည်း ထိုင်းအိမ်ခြံမြေ သတင်းအချက် ထုတ်ပြန်ရေးဌာန ကပြောပါတယ်။

မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် ချမ်းသာကြွယ်ဝတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်ပကို ထွက်ခွာလာပြီး ထိုင်းနိုင်ငံကို ပိုမို ခိုလှုံလာကြတယ်လို့ ထိုင်းသတင်းတွေက သုံးသပ်လာတာ ဖြစ်ပါတယ်။