မဟာပြိုင်ဘက်ကြီး လီဗာပူး နည်းပြ ယာဂန်ကလော့ပ်ကို ချီးကျူး နှုတ်ဆက်စကားဆိုလိုက်တဲ့ ပက် ဂွါဒီယိုလာ
အန်ဖီးလ်မှ ထွက်ခွာကာ လီဗာပူးနည်းပြ တာဝန်ကို စွန့်လွှတ်သွားတဲ့ မဟာပြိုင်ဘက်ကြီး ယာဂန်ကလော့ပ်ကို မန်စီးတီးအသင်း အမြင့်ဆုံးအဆင့်အထိရောက်ရှိအောင် တွန်းအားပေးခဲ့မှုတွေအတွက် ကျေးဇူးတင်မိပါတယ်လို့ စိတ်လှုပ်ရှားနေတဲ့ ပက်ဂွါဒီယိုလာက ပြောဆိုလိုက်ပါတယ်။
ယာဂန်ကလော့ပ်ရဲ့အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီခုနစ်ခုမှာ မန်စီးတီးအသင်း အမှတ်ပေးချန်ပီယံဆု မရရှိအောင် တားဆီးနိုင်ခဲ့တဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်ပါတယ်။
လီဗာပူးက ၂၀၁၉-၂၀၂၀ ပြည့်နှစ် ပရီးမီးယားလိဂ်သရဖူကို ဒီကာလတွေအတွင်း ရယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ကို အသီးသီးတာဝန်ယူချိန် အပြင်းအထန်ပြိုင်ဆိုင်ခဲ့ဖူးသလို လီဗာပူးနဲ့ မန်စီးတီးဆီ ရောက်ရှိလာချိန်မှာလည်း အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပက်ဂွါဒီယိုလာနဲ့ ယာဂန်ကလော့ပ်တို့အကြား အပြန်အလှန်လေးစားမှုတစ်ခု တည်ဆောက်ထားနိုင်ခဲ့ပါတယ်။
အန်ဖီးလ်မှမထွက်ခွာခင် ယာဂန်ကလော့ပ်ကလည်း ဂွါဒီယိုလာလက်အောက် ပရီးမီးယားလိဂ်ချန်ပီယံဆုလေးကြိမ်ဆက်ရယူနိုင်တဲ့ ပထမဆုံးကလပ်အသင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်သွားချိန်မှာပဲ စပိန်သားနည်းပြကို ကမ္ဘာ့အကောင်းဆုံး နည်းပြအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဝက်စ်ဟမ်းကို ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး စံချိန်တင်လေးကြိမ်ဆက်လိဂ်ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ကလော့ပ်နဲ့ပတ်သက်၍ မေးမြန်းလာမှုကို ပက်ဂွါဒီယိုလာက မျက်ရည်တွေနဲ့အတူ တုံ့ပြန်လာပါတယ်။
ပက်ဂွါဒီယိုလာက “ ကျွန်တော် သူ့ကို အရမ်းလွမ်းမိနေပါလိမ့်မယ်။ ယာဂန်ကလော့ပ်ဟာ ကျွန်တော့်ဘဝအတွက် တကယ့်ကိုအရေးပါလွန်းတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူက နည်းပြတစ်ဦးအဖြစ် ကျွန်တော့်ကို နောက်ထပ်အဆင့်တစ်ခုဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
ကျွန်တော်တို့အချင်းချင်းကြားမှာလည်း မယုံကြည်နိုင်လောက်အောင် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု ရှိပါတယ်။ ကလော့ပ် ပြန်လာလိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော့်မှာရှိနေပြီး သူ့ရဲ့ချီးကျူးမှုတွေအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် နောက်ကွယ်မှာ ကလပ်အသင်းဘက်က ကျွန်တော့်အတွက် လုပ်ပေးခဲ့တာတွေ အများကြီးရှိတယ်ဆိုတာ သူသိပါတယ်။ ဒါမှမဟုတ်ရင် ကျွန်တော်တစ်ယောက်တည်း အခုလိုမျိုးလုပ်နိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။ ဒီအချက်ကို နားလည်ပေးနိုင်ဖို့ လုံလောက်တဲ့ ရိုးသားနှိမ့်ချမှု ကျွန်တော့်မှာ ရှိပါတယ်။
ကလော့ပ်က သူ့ရဲ့အသင်းနဲ့အတူ ကျွန်တော့်ကို အကူအညီတွေ ပေးခဲ့ပါတယ်။ သူက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးပြိုင်ဘက်ကြီးဖြစ်ပါတယ်။ အခြားအသင်းတွေအတွက် ရှာဖွေနိုင်ခဲ့ပေမယ့် ကလော့ပ်ရဲ့အသင်းကို ချေမှုန်းပစ်နိုင်မယ့်နည်းလမ်းမျိုးကိုတော့ ကျွန်တော်မရှာဖွေနိုင်ခဲ့ပါဘူး။ သူနဲ့ဆိုရင် ဒီပြိုင်ဆိုင်မှုက အရမ်းခက်ခဲခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
မန်စီးတီးက ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ နဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတွေမှာ လိဂ်ချန်ပီယံဆုတွေကို ရယူပြီးနောက် အင်္ဂလန်ထိပ်တန်းလိဂ်သမိုင်းတလျှောက် လေးရာသီဆက် ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံးကလပ်အသင်းဖြစ်လာခဲ့ပါတယ်။
