စပါးက မန်စီးတီးကို အနိုင်မကန်လို့ အာဆင်နယ် ချန်ပီယံ မဖြစ်တာ လို့ မကျေမချမ်း ပြောဆိုနေတဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ ၂မှတ် အကွာတည်းနဲ့ မန်စီးတီး နောက်မှာ ကျန်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံမဖြစ်ခဲ့တာက ပွဲစဉ် ၂ ပွဲကြောင့်လို့ အာဆင်နယ် နည်းပြ အာတီတာက ပြောဆိုလိုက်ပါတယ်။

ဂန်းနားတို့ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကို ပြန်လည် အောင်မြင်ဖို့ရာ အားထုတ်ခဲ့ပေမယ့် ဒုတိယနေရာကပဲ ရာသီသိမ်းခဲ့သလို ဖလားလက်မဲ့ ရာသီတစ်ခုကို ကျော်ဖြတ်ရပြီဖြစ်ပါတယ်။

‘ ဧပရယ်လတုန်းက အိမ်ကွင်းမှာ ဗီလာကို ၂-၀ နဲ့ ရှုံးခဲ့တာက အဓိကကျတာပေါ့ ’ လို့ ဒုတိယနေရာကပဲ ရာသီသိမ်းဖို့ရာ အရေးပါတဲ့ အခိုက်အတန့်နဲ့ ပတ်သက်လို့ အာတီတာက ရှင်းပြ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက ‘ ပထမပိုင်းမှာတင် ၄-၀ လောက် ဖြစ်နေသင့်တာ ဒါဆိုရင် ရာသီသိမ်း ဇာတ်လမ်းက ပြောင်းလဲကောင်း ပြောင်းလဲခဲ့မှာပါ။ နောက်ပြီး အင်္ဂါနေ့တုန်းက ကိစ္စ (မန်စီးတီးကို စပါး ရှုံးခဲ့တာ) အပြောင်းအလဲဖြစ်ခဲ့ရင်လည်း ကျနော်တို့ ချန်ပီယံဖြစ်ကောင်းဖြစ်မှာပါ။

မန်စီးတီးနဲ့ ကျနော်တို့ကြား ကွာခြားမှုက သေးသေးလေးပဲ ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဆိုတဲ့ အသင်းကို ကျနော်တို့ ရင်ဆိုင်ပြီး ဒီလောက်ထိ လုပ်ပြခဲ့တာအတွက် အသင်းကို အသိအမှတ် ပြုရပါမယ်။ ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အဆင့် ၂ နေရာက ရာသီသိမ်းခဲ့တဲ့ အာဆင်နယ်ဟာ လာမယ့်ရာသီမှာတော့ ပုံစံသစ်ဖြင့် ပြောင်းလဲကျင်းပမယ့် ချန်ပီယံလိဂ်ကို ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။