ဆန်ဈေးတက်တာ လျှပ်စစ်မီး မလာလို့ ဆိုတဲ့ ဆန်စပါးအသင်းချုပ် ဖြေရှင်းချက်

လျှပ်စစ်မီးပုံမှန်မရရှိသည့် အခက်အခဲကြောင့် စပါးများ ရှိနေသော်လည်း ဆန်စက်များသည် ကြိတ်ခွဲနိုင်မှု လျော့ကျလာပြီး ဈေးကွက်ထဲ၌ ဆန်ဈေးနှုန်း များ မြင့်တက်လာရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှသိရသည်။
ဆန်စပါး အထွက်များသည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် မနက်၊ နေ့လည်နှင့် ညနေပိုင်းတို့တွင် မီးလာချိန် တစ်နာရီခန့်သာရှိပြီး ဆန်စက်လည်ပတ်ရန် အခက်အခဲများရှိနေကြောင်း ဆိုသည်။
ထို့ကြောင့် အဆိုပါဒေသများရှိ ဆန်စက်များ တစ်ရက်လျှင် အနည်းဆုံး လျှပ်စစ်မီး ၄ နာရီဆက်တိုက် ပုံမှန်ရရှိရေးအတွက် ဆန်စပါးအသင်းချုပ် ဦးဆောင်ပြီး တိုင်းအစိုးရအဖွဲ့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
” ဆန်စက်တွေလည်ဖို့ဆိုတာက အနည်းဆုံး ၃ နာရီ၊ ၄ နာရီ ဆက်တိုက် လျှပ်စစ်မီးရရှိနေမှ အဆင်ပြေတာ။ အခုဟာက တစ်နာရီတောင် ပြည့်အောင်မလာချင်တော့ ဆန်စက်တွေက ဘယ်လိုလည်ပတ်မလဲ။ အဲဒါကြောင့်လည်း ဈေးကွက်ထဲမှာ ဆန်ဈေးတက်နေတာပေါ့ “ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိကာလသည် နွေစပါးပေါ်ချိန်ဖြစ်သည့်အတွက် ဆန်စက်များတွင် တစ်ရက်လျှင် ၄ နာရီဆက်တိုက် လျှပ်စစ်မီးရရှိပါက ဈေးကွက်ထဲ၌ မြင့်တက်နေသည့် ဆန်ဈေးနှုန်းများ ပြန်ကျသွားနိုင်ကြောင်း သိရသည်။