ပရီးမီးယားလိဂ်ရဲ့ စွဲချက် ၁၁၅ မှုကို ရင်ဆိုင်ရတော့မယ့် မန်စီးတီး၊ လိုအပ်ရင် နိုင်ငံတော်တရားရုံးချုပ် ထိ တက်ဖို့ပါ ပြင်ဆင်

မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်တဲ့စွပ်စွဲချက်ကို မကြာခင် စစ်ဆေးကြားနာသွားမှာဖြစ်တာကြောင့် လာမဲ့ရာသီကျရင် မန်စီးတီးတို့ တန်းဆင်းရဖို့ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ အတော် ထွက်ပေါ်နေပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ ဝက်စ်ဟမ်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ၄ နှစ်ဆက်တိုက် ဗိုလ်စွဲတဲ့ ပထမဆုံးကလပ်အဖြစ် သမိုင်းဝင်စံချိန်ရေးထိုးနိုင်ခဲ့ပါတယ်။

လာမဲ့စနေနေ့ကျရင်လည်း မန်ချက်စတာယူနိုက်တက်နဲ့ FA ဖလားဗိုလ်လုပွဲကစားရမှာဖြစ်လို့ ဂွါဒီယိုလာဟာ ဒီရာသီကို ဖလား ၂ လုံး ချန်ပီယံအဖြစ် အဆုံးသတ်ခွင့်ရဖို့ နီးစပ်နေပါပြီ။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလအတွင်း မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ခုအထိ ချိုးဖောက်ခဲ့တယ်လို့ စွဲချက်တင်ခံထားရတာကြောင့် အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရမဲ့အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၀၉-၁၀ ရာသီကစလို့ စပွန်ဆာဝင်ငွေပမာဏကို အမှန်တကယ်ရတာထက် စာရင်းပိုပြမှု၊ အသင်းရဲ့ ဝင်ငွေလမ်းကြောင်းကို အမှန်အတိုင်း မဖော်ပြမှု၊ ကစားသမားတွေရဲ့လစာငွေကို အပြည့်အစုံ စာရင်းမပေးတာအပါအဝင် ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်လို့ စွဲချက်တင်ခံထားရပါတယ်။

မန်စီးတီးတာဝန်ရှိသူတွေကတော့ သူတို့အသင်း ဘယ်လိုစည်းမျဉ်းမှ မချိုးဖောက်ခဲ့တာကြောင့် အခု စွဲချက်တွေကို အဆုံးအထိ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေပြီး အကောင်းဆုံးရှေ့နေတွေ ငှားရမ်းပြီးတော့ တရားရင်ဆိုင်မှာဖြစ်သလို လိုအပ်ရင် နိုင်ငံတော်တရားရုံးချုပ် (Supreme Court)အထိ တက်ဖို့ စီစဉ်ထားပါတယ်။

ဒီရာသီမှာ အဲဗာတန်၊ နော်တင်ဟမ်ဖော်ရစ်အသင်းတို့ဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် အမှတ်လျှော့ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပေမဲ့လည်း မန်စီးတီးအသင်းရဲ့အမှုကိုတော့ အခုအချိန်အထိ စစ်ဆေးကြားနာမှု မလုပ်ရသေးပါဘူး။

ပရီးမီးယားလိဂ်အမှုဆောင်ချုပ်ဖြစ်သူ ရစ်ချတ်မာစတာစ်က မန်စီးတီးအသင်းအပေါ် စွဲချက်တင်ထားမှုကို မဝေးတော့တဲ့အနာဂတ်မှာ စတင်စစ်ဆေးသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ဧပြီလအတွင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် အခုနှစ်မကုန်ခင် အကောင်အထည် ပေါ်လာဖို့ရှိပါတယ်။

အခုအချိန်မှာ ဘွတ်ကီဒိုင်တွေက လာမဲ့ရာသီကျရင် မန်စီးတီးအသင်း တန်းဆင်းရဖို့ရှိတယ်ဆိုတဲ့ ဖွင့်လှစ်မှုမှာ အလေးပေးချက်အဆတွေကို လျှော့ချနေရပြီး ၂၅ လေး/၁ လေးသာ ရှိပါတော့တယ်။

တကယ်လို့ မန်စီးတီးအသင်းသာ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက်ကို အမှန်တကယ်ချိုးဖောက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရမယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်ခံရဖို့ရှိပြီး တခြားဖြစ်နိုင်တဲ့ပြစ်ဒဏ်တွေကတော့ ကစားသမားခေါ်ယူခွင့် အပိတ်ခံရတာ၊ ငွေကြေးသုံးစွဲမှု ကန့်သတ်ခံရတာတွေလည်း ရှိလာနိုင်ပါတယ်။