၁၁၅ မှု ကိစ္စက စိတ်ပူစရာ မရှိဘူး လို့ ဂွါဒီယိုလာကို အကြောင်းကြားထားတဲ့ မန်စီးတီးဥက္ကဌ

မန်ချက်စတာစီးတီးအကြီးအကဲတွေဟာ အသင်းကို စွဲဆိုထားတဲ့ FFP ၁၁၅ မှုနဲ့ပတ်သက်ပြီး စိတ်ပူစရာ မရှိကြောင်း နည်းပြ ပက် ဂွါဒီယိုလာကို အသိပေးခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်ထက် ၂ မှတ်အသာနဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ လာမယ့် စနေနေ့မှာ မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေတာကြောင့် နောက်ထပ်ဖလားတစ်လုံး ရနိုင်ခြေရှိနေသေးတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ မယုံနိုင်စရာကောင်းလောက်အောင် အောင်မြင်မှုတွေ ရနေချိန်မှာ အသင်းကို စွဲဆိုထားတဲ့ အမှုကိစ္စတွေကလည်း ရှိနေဆဲဖြစ်ပြီး ပြစ်မှုထင်ရှားရင် ချန်ပီယံရှစ်ကို တန်းဆင်းရနိုင်ခြေရှိတယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးဥက္ကဌ ခယ်ဒွန်း အယ်လ်-မူဘာရက်နဲ့ မန်နေးဂျင်းဒါရိုက်တာ ဖာရန် ဆုရီယာနို၊ ဘောလုံးဒါရိုက်တာ ဘီရီဂီစတိန်းတို့က ဂွါဒီယိုလာကို ဒီနှစ်နှောင်းပိုင်း FFP အမှုတွေကို ကြားနာတဲ့အချိန်မှာ အမှုတွေအားလုံးက ရှင်းလင်း သွားလိမ့်မယ်လို့ အာမခံခဲ့တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။

မန်စီးတီးဥက္ကဌနဲ့ ဂွါဒီယိုလာတို့ရဲ့ ဆက်ဆံရေးကလည်း အရင်တုန်းကထက် အများကြီးပိုပြီး ရင်းနှီးလာနေပြီး အယ်လ်-မူဘာရက်ခ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင်ညတုန်းက စပိန်လူမျိုးနည်းပြနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ညစာစားခဲ့သလို ပွဲပြီးတိုင်းလည်း အဝတ်လဲခန်းနားထိလာပြီး စကားပြောလေ့ရှိပါတယ်။

စီးတီး ရင်ဆိုင်နေရတဲ့ FFP ၁၁၅ မှုဟာ မကြာခင် ကြားနာ စစ်ဆေးတော့မှာလည်း ဖြစ်ပါတယ်။