မန်စီးတီး အတွက် မိနစ် ၁ဝဝ ကျော်ရုံမျှ ကစားထားပေမယ့် သက်တမ်းတိုး စာချုပ် ထပ်ချုပ်လိုက်တဲ့ စကော့ကာဆင်

မန်စီးတီးအသင်း ဝါရင့်ဂိုးသမားကြီး စကော့ကာဆင်ဟာ ၂၀၂၅ နွေရာသီအထိ အသင်းနဲ့ ၁ နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သူ စကော့ကာဆင်ဟာ ၂၀၁၉ ခုနှစ်တုန်းက ဒါဘီအသင်းကနေ မန်စီးတီးကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အပြီးသတ်စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။

မန်စီးတီးကစားသမားဘ၀ ၅ နှစ်တာကာလအတွင်း စကော့ကာဆင်ဟာ စုစုပေါင်း ၂ ပွဲသာ ကစားခွင့်ရခဲ့ပြီး ၂၀၂၁ မေလအတွင်း နယူးကာဆယ်နဲ့ပွဲမှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့သလို ၂၀၂၂ မတ်လတုန်းက စပို့တင်းလစ္စဘွန်းနဲ့ချန်ပီယံလိဂ်ပွဲမှာ လူစားဝင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် မိနစ်ပေါင်း ၁၀၇ မိနစ်သာ ကစားခဲ့ရပေမဲ့ စကော့ကာဆင်က အသင်းနဲ့အတူ ချန်ပီယံလိဂ် ၁ ကြိမ်၊ ပရီးမီးယားလိဂ် ၄ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၉ ခုအထိ ရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ အီဒါဆင်၊ အော်တေဂါတို့ရဲ့နောက် တတိယဦးစားပေးအဆင့်သာရှိပေမဲ့ စကော့ကာဆင်ဟာ ဂွါဒီယိုလာ ကြိုက်နှစ်သက်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် မန်စီးတီးအသင်းက သူ့ကို နောက်ထပ် ၁ နှစ်စချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့စာချုပ်သက်တမ်းတိုးခဲ့ပြီးတဲ့နောက် စကော့ကာဆင်က “မန်စီးတီးအသင်းသားအဖြစ် နောက်တစ်ရာသီ ဆက်ရှိခွင့်ရမှာဖြစ်လို့ ကျွန်တော် ကျေနပ်အားရမိပါတယ်။ ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဂွါဒီယိုလာ၊ ဂိုးနည်းပြဖြစ်သူ မန်ဆီစီဒေါ်နဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ အသင်းဖော်တွေဆီကနေ အသစ်အသစ်ကို အများကြီး သင်ယူခွင့်ရရှိနေပါတယ် . . . .”

“အခုထက် ပိုပြီးဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့အတွက် အသင်းဖော် ဂိုးသမားတွေကို အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်အောင် ကျွန်တော် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်း စကော့ကာဆင်ဟာ ကလပ်အသင်းကစားသမားဘဝတစ်လျှောက် လိဒ်စ်၊ လီဗာပူးလ်၊ အက်စတွန်ဗီလာ၊ ဝက်စ်ဘရွန်း၊ ဘာဆာစပေါ်၊ ဝီဂန်၊ ဒါဘီစတဲ့ ကလပ်တွေမှာ ကစားခဲ့ဖူးပြီး အံ့အားသင့်စရာကောင်းလောက်အောင်ပဲ ချန်ပီယံလိဂ် ၂ ကြိမ်(လီဗာပူးလ် – ၂၀၀၅၊ မန်စီးတီး – ၂၀၂၃)အပါအဝင် အဓိကဆုဖလားတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။