၇၄ ပွဲပြီးနောက် ရပ်တန့်သွားရပြီ ဖြစ်တဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီရဲ့ အံ့ဖွယ် စံချိန်ကောင်း တစ်ခု

မနေ့ညက ဝင်ဘာလေမှာ ကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီး ကွင်းလယ်လူ ရိုဒရီရဲ့ ပြိုင်ပွဲစုံ ၇၄ ပွဲဆက်တိုက်ရှုံးပွဲမရှိ စံချိန်မှတ်တမ်းကောင်း အဆုံးသတ်ခဲ့ရပြီဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကို ဂါနာချိုနဲ့ ကိုဘီမင်နူးတို့က သွင်းယူခဲ့ပြီး ၈၇ မိနစ်မှာ ဒိုကူက ချေပဂိုးပြန်သွင်းပေမဲ့ ဒုတိယချေပဂိုး မသွင်းနိုင်လို့ မန်စီးတီးအသင်း ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ရိုဒရီဟာ ၂၀၂၃ ဖေဖော်ဝါရီလတုန်းက စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၁-၀ ဂိုးနဲ့ရှုံးပြီးနောက်ပိုင်း သူ ပွဲထွက်ကစားတဲ့ပွဲတိုင်း ရှုံးပွဲမရှိတာက ၇၄ ပွဲအထိရှိပြီး ၅၈ ပွဲနိုင်၊ ၁၆ ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။

ဒါပေမဲ့ အခု ရက်ပေါင်း ၄၇၅ ရက်အကြာမှာတော့ ရိုဒရီရဲ့ ပြိုင်ပွဲစုံ ရှုံးပွဲမရှိစံချိန်ကို ယူနိုက်တက်အသင်းက ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ရိုဒရီဟာ ယူနိုက်တက်နဲ့ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံမှာ ၆ ပွဲမြောက်ရှုံးနိမ့်ခဲ့ပြီး ဒါက သူ့ရဲ့မန်စီးတီးကစားသမားဘဝတစ်လျှောက် အသင်းတစ်သင်းကို အကြိမ်အများဆုံး ရှုံးနိမ့်ခဲ့တာပါပဲ။

အခုပွဲ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ၂၀၀၄-၀၅ ရာသီက ယူနိုက်တက်နောက်ပိုင်း လက်ရှိချန်ပီယံဘွဲ့ မကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလအတွင်း အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးရှုံးပွဲပြန်တွေ့ခဲ့တာဖြစ်သလို ပြိုင်ပွဲစုံ ၃၅ ပွဲဆက်ရှုံးပွဲမရှိစံချိန်လည်း ရပ်တန့်ခဲ့ရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာနဲ့သာ အဆုံးသတ်ခဲ့ရပြီးမှ FA ဖလား ဆွတ်ခူးခဲ့တဲ့ ယူနိုက်တက်အသင်းကတော့ အာဆင်နယ်(၂၀၁၉-၂၀၊ အဆင့် ၈)ပြီးရင် ပရီးမီးယားလိဂ် အဆင့်ရပ်တည်မှုအနိမ့်ဆုံးနဲ့ FA ဖလားရယူနိုင်တဲ့ အသင်းဖြစ်လာပါတယ်။