မန်စီးတီး ရှုံးရတာ သူ့ကြောင့်ပါ လို့ အမှားအတွက် ရှေ့ထွက် ဝန်ခံလာတဲ့ နည်းပြ ပပ် ဂွါဒီယိုလာ

နည်းပြ ပပ် ဂွါဒီယိုလာက မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဝင်ဘလေက အက်ဖ်အေဖလားဗိုလ်လုပွဲစဉ် ပထမပိုင်းက သူ့ရဲ့ ဂိမ်းပလန် ဟာ မကောင်းမွန်ခဲ့ဘူးလို့ ပြောကြားခဲ့ပြီး ရှုံးပွဲအတွက် အပြည့်အဝ တာဝန်ယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“ပထမပိုင်းက ကျွန်တော့်ရဲ့ ပွဲဗျူဟာက မကောင်းခဲ့ဘူးလို့ ထင်ပါတယ်။ ဒုတိယပိုင်းကတော့ အများကြီး ပိုကောင်းလာတယ်။ ကျွန်တော်တို့ ပိုပြီး ပြင်းပြင်းထန်ထန် ကစားနိုင်ခဲံတယ်။

ကျွန်တော်တို့ ၂-၀ နဲ့ ရှုံးနိမ့်နေတာလည်း ပါမှာပေါ့။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ ခင်ဗျားမှာ ဘာမှ ဆုံးရှုံးစရာမရှိတော့ဘဲ ရှေ့ဆက်သွားဖို့ပဲ ရှိတော့တယ်။

ကစားရခက်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ပထမဂိုးကို ပေးပစ်ခဲ့ပြီး ဒုတိယဂိုးအတွက် အကူးအပြောင်းမှာ ကောင်းကောင်း မပိတ်ဆို့ထားနိုင်ခဲ့ဘူး။

ဒါပေမယ့် မန်ယူနိုက်တက်ကို ဒုတိယဂိုးအတွက် ချီးကျူးပါတယ်။ သူတို့မှာ အရည်အသွေးတွေရှိပါတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့က သူတို့ကို တိုက်စစ်ဆင်ဖို့အတွက် မှန်ကန်တဲ့ အနေအထားမှာ ရှိမနေခဲ့ဘူး။ ရှုံးနိမ့်ခဲ့တာ ကျွန်တော့်ရဲ့ အမှားကြောင့်ပါ။ ဂိမ်းပလန်က မကောင်းခဲ့ဘူး။

ဒီနေ့ စိတ်ပျက်ခဲ့ရတယ်။ ဒါက သာမန်ပဲ။ အသင်းတွေက ဗိုလ်လုပွဲတွေ ရှုံးတတ်တယ်။ ဒါပေမယ့် ဒီရာသီက အရမ်းကို ထူးခြားခဲ့တယ်။ ကောင်းမွန်တဲ့ပုံစံနဲ့ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်ခဲ့တယ်။ ကျွန်တော်တို့ အနားယူပြီး လာမယ့်ရာသီ ပြန်လာခဲ့ပါမယ်”လို့ ပြောဆိုခဲ့ပါတယ်။