ရီမယ်(လ်) ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံကို ဘယ်လောက်ထိ ရိုက်ခတ်နိုင်သလဲ
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL) ရဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ်မှာ လာမယ့် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ရီမယ်(လ်)” (REMAL) ရဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မအီ၊ အမ်း စတဲ့ ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် စုစုစံက ခန့်မှန်းထားပါတယ်။
စစ်တွေအနောက်ဘက် ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် ၁၈ ပေမှ ၂၁ ပေ အထိ ရှိနိုင်ပြီး လေတိုက်နှုန်း တနာရီကို ၃၆ မိုင်မှ ၄၈ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL) ဟာ ဒီကနေ့ မေလ ၂၆ ရက်၊ မွန်းတည့်ချိန်မှာ ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်တဲ့အခါ မုန်တိုင်းဗဟိုအနီး လေတိုက်နှုန်း တနာရီ ၇၅ မိုင်မှ ၈၃ မိုင်အထိ ရှိနိုင်တဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
မုန်တိုင်းရွေ့လျားရာ လမ်းကြောင်းရဲ့ ညာဘက် အနီးဆုံးမှာတည်ရှိတဲ့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကမ်းရိုးတန်းဒေသတွေဟာ မုန်တိုင်းအဖျားခတ်နိုင်မယ့် ဧရိယာထဲ ပါဝင်နေတာကြောင့် မုန်တိုင်းအရှိန် သက်ရောက်မှု အများဆုံးဖြစ်ပြီး မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းကြီးနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ဒီကနေ့ မွန်းတည့်ချိန်ကစလို့ မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
နောက်လာမယ့် ၂၄ နာရီအတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးရေချိန် ၄၀ မီလီမီတာမှ ၅၀ မီလီမီတာအထိလည်းကောင်း၊ မြန်မာနိုင်ငံအထက်ပိုင်း (ပဲခူးတိုင်းမြောက်ပိုင်းမှ အထက်ဒေသတွေ) မှာ မိုးရေချိန် ၁၅ မီလီမီတာမှ ၃၀ မီလီမီတာအထိလည်းကောင်း ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှု အခြေအနေတွေကတော့ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ လေပြင်း (WIND GUST) တနာရီ ၃၅ မိုင်အထိလည်းကောင်း၊ ရခိုင်ရိုးမ၊ ရှမ်းကုန်းမြေမြင့်နဲ့ ပဲခူးရိုးမတို့ကြားရှိ မြေပြန့်ဒေသတွေမှာ လေပြင်း (WIND-GUST) တနာရီ မိုင် ၃၀ အထိလည်းကောင်း တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့နဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒေသတွေမှာတော့ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ မိုင် ၂၀ ခန့်အထိသာ ရှိနိုင်တယ်လို့ သိရပါတယ်။
မုန်တိုင်း “ရီမယ်(လ်)” ရဲ့ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည် ရွေ့လျားမယ့် အခြေအနေ မရှိတာကြောင့် “အဝါရောင်အဆင့်” သတ်မှတ်ထားတယ်လို့ သိရပါတယ်။