စီးတီးနဲ့ ဗိုလ်လုပွဲ ၆ ပွဲမှာ အံ့အားသင့်စရာ ကောင်းအောင် ဆိုးဝါးတဲ့ အချက်အလက်တွေ ဟာလန်း ပိုင်ဆိုင်နေ

၂၀၂၂ ခုနှစ်က ဒေ့ါမွန်ကနေ မန်စီးတီးကို ပေါင်သန်း ၅၀ ကျော်နဲ့ ပြောင်းရွှေ့ခဲ့ချိန်ကစလို့ ဟာလန်းဟာ မန်စီးတီးအသင်းရဲ့ ဂိုးသွင်းစက်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးစံချိန်တွေ အများကြီးကို ချိုးဖျက်နိုင်ခဲ့သလို အသင်းနဲ့အတူ သမိုင်းဝင်အောင်ပွဲအဖြစ် ဖလား ၃ လုံး ချန်ပီယံဖြစ်ခဲ့ပါတယ်။

မန်စီးတီးကစားသမားဘ၀ ၂ ရာသီအတွင်းမှာပဲ ဟာလန်းက ၉၈ ပွဲကစား၊ သွင်းဂိုး ၉၀ အထိရှိခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ၂ ရာသီ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်လုပွဲတွေမှာတော့ ဟာလန်းရဲ့စွမ်းဆောင်ရည်က စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားလွန်းပါတယ်။ မကြာသေးခင်က မန်ချက်စတာယူနိုက်တက်နဲ့ FA ဖလားဗိုလ်လုပွဲမှာ ဟာလန်း ပွဲချိန်အတွင်း ဘာမှ ထူးထူးခြားခြား မလုပ်ပြနိုင်ဘဲ သူ့ရဲ့ကန်ချက်တစ်ကြိမ်ကလည်း ဂိုးဘားတန်းထိခဲ့ပါတယ်။

မန်စီးတီးကစားသမားဘ၀ ပွဲဦးထွက် ဗိုလ်လုပွဲဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်နဲ့ကွန်မြူနတီဒိုင်းပွဲမှာ ဟာလန်းဟာ အပိုင်ဂိုးသွင်းခွင့်တွေကို လွဲချော်ခဲ့သလို ၉၇ မိနစ်အတွင်း ဘောလုံးထိချက် ၁၆ ကြိမ်သာရှိပြီး ဘောလုံးပေးပို့မှု ၉ ကြိမ်မှာလည်း အောင်မြင်တာက ၇ ကြိမ်သာရှိခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ရာသီ FA ဖလားဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ဒီရာသီမှာ အာဆင်နယ်နဲ့ကွန်မြူနတီဒိုင်းပွဲ၊ ဆီဗီလာနဲ့ ဥရောပစူပါဖလားပွဲ၊ ယူနိုက်တက်နဲ့ FA ဖလားဗိုလ်လုပွဲတွေမှာလည်း ဟာလန်းတစ်ယောက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

အခုဆိုရင် မန်စီးတီးကစားသမားဘ၀ ဗိုလ်လုပွဲ ၆ ပွဲအထိကစားပြီးချိန်မှာ ဟာလန်းဟာ အံ့အားသင့်စရာကောင်းအောင်ပဲ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိဆိုတဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ပိုပြီး စိတ်ပျက်စရာကောင်းတာက ဟာလန်းဟာ ဖလားပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ ၉ ပွဲအထိကစားပြီးချိန်မှာ မန်စီးတီးအတွက် ၁ ဂိုးမှ မသွင်းနိုင်သေးတာပါပဲ။

ပရီးမီးယားလိဂ်မှာ ကြီး ၆ ကြီးစာရင်းဝင်တွေဖြစ်တဲ့ ယူနိုက်တက်(၄ ပွဲကစား၊ ၆ ဂိုး)၊ စပါး(၄ ပွဲကစား၊ ၃ ဂိုး)၊ အာဆင်နယ်(၄ ပွဲကစား၊ ၂ ဂိုး)၊ ချယ်လ်ဆီး(၄ ပွဲကစား၊ ၂ ဂိုး)၊ လီဗာပူးလ်(၃ ပွဲကစား၊ ၁ ဂိုး)တို့ကို ဂိုးတွေ သွင်းနိုင်ခဲ့ပေမဲ့ ဗိုလ်လုပွဲမှာတော့ ဟာလန်းဟာ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ်တို့ကို ၁ ဂိုးမှ မသွင်းနိုင်သေးပါဘူး။

ဟာလန်းရဲ့ကစားသမားဘဝတစ်လျှောက် ဗိုလ်လုပွဲ ၉ ကြိမ်မှာ ၃ ဂိုးသာ သွင်းယူခဲ့ပြီး အဲဒီ ၃ ဂိုးကလည်း ဒေ့ါမွန် အသင်းအတွက် သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့်လည်း အရေးပါတဲ့ ပွဲကြီးပွဲကောင်းတွေဆိုရင် ဟာလန်းတစ်ယောက် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ရလေ့ရှိတယ်လို့ ဝေဖန်ခံနေရပြီး ယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းက ဟာလန်းဟာ League Two အဆင့်သာရှိတဲ့ ကစားသမားဆိုပြီးတော့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

ဟာလန်းအနေနဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးစာရင်းဝင်ဖြစ်ချင်တယ်ဆိုရင်တော့ သာမန်အဆင့်ပွဲတွေမှာ ဂိုးမြူးနေရုံနဲ့ မဖြစ်ဘဲ အရေးပါတဲ့ပွဲကြီးတွေမှာ ဂိုးတွေ သွင်းပြနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။