မြန်မာတွေကြောင့် အသက်ရှု ပိုချောင်လာတဲ့ ထိုင်းအိမ်ခြံမြေလောက

ဒီ၂ နှစ်အတွင်း မြန်မာနိုင်ငံဟာ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ကွန်ဒိုဈေးကွက်ထဲ နိုင်ငံခြားသာ ဝယ်ယူသူဒုတိယအများဆုံးနေရာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ အိမ်ခြံမြေဈေးကွက်ရဲ့ ယခုနှစ် ပထမသုံးလအတွင်း ကွန်ဒိုဈေးကွက်ထဲ နိုင်ငံခြားသား ဝယ်လက်တွေကြောင့် ကွန်ဒိုခန်းလက်လွှဲရောင်းချရမှုသမိုင်းမှာ စံချိန်တင်ရောင်းချရမှု ဖြစ်ခဲ့တယ်လို့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ(REIC)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သုံးလအတွင်း နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ ကွန်ဒိုခန်းအရေအတွက်ဟာ (၃၉၃၈) ခန်းအထိရှိပြီး တန်ကြေးအားဖြင့် ထိုင်းဘတ်ငွေ (၁၈) ဘီလီယံအထိရှိတယ်လို့ သိရပါတယ်။ အဲဒီ နိုင်ငံခြားသားတွေစာရင်းမှာတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့နောက် ဒုတိယနေရာကို တက်လှမ်းလာတာပါ။

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတာရယ်၊ တချို့နိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်နေတာတွေရယ်က နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေတွေ ဝယ်ယူဖို့ ဆွဲဆောင်နိုင်တဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်မယ်ထင်ပါတယ်။

ထူးခြားချက်တစ်ခုကတော့ ၂၀၂၄ ရဲ့ ပထမ သုံးလပတ်အတွင်း ကွန်ဒိုခန်းဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံက ဒုတိယနေရာမှာ ပထမဆုံးအကြိမ်အဖြစ်ရပ်တည်နေတဲ့ အချက်ပါပဲ” လို့ REIC ရဲ့ ယာယီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဗီချိုင်း ဗီရက်ကာပန်(Vichai Viratkapan)က ဆိုပါတယ်။

ယခုနှစ် ပထမသုံးလပတ်အတွင်းမှာ တရုတ်၊ မြန်မာ၊ ရုရှား၊ အမေရိကန်၊ ထိုင်ဝမ်၊ ပြင်သစ်၊ ဂျာမန်၊ ဗြိတိန်၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံတဝှမ်း ကွန်ဒိုခန်းဝယ်ယူမှု အများဆုံးနိုင်ငံ (၁၀) နိုင်ငံစာရင်းမှာ အစဉ်လိုက်ရပ်တည်နေကြပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် ထိုင်းနိုင်ငံသားတွေကတော့ ကွန်ဒိုဝယ်လိုအား ကျဆင်းနေပါတယ်။ အခုလို နိုင်ငံခြားသား ကွန်ဒို ဝယ်ယူသူတွေများလာခြင်းဟာ ထိုင်းစီးပွားရေး အထိနာမှုကို များစွာ အကူအညီပေးနေပါတယ်။

“ ကွန်ဒိုခန်းတွေကို ပြည်တွင်းက ဝယ်လိုအားက သိသိသာသာ လျော့ကျသွားပါတယ်။ ဒါက ဘာကိုပြနေလဲဆိုရင် နိုင်ငံခြားက ဝယ်လိုအားသာမရှိရင် ကွန်ဒိုခန်းလက်လွှဲရောင်းချမှုဟာ ဒီထက်ကိုပဲ ပိုပြီး ကြီးမားတဲ့ ဈေးကွက်ကျဆင်းမှုကို ကြုံတွေ့ရမယ်ဆိုတာပါပဲ” လို့ မစ္စတာ ဗီချိုင်းကဆိုခဲ့ပါတယ်။