ပက်ကို ကျော်ပြီး အာတီတာ နည်းပြဆု ရလို့ လှောင်ခံနေရတဲ့ Globe Soccer Awards ဆုပေးပွဲ

Globe Soccer Awards ဆုပေးပွဲအခမ်းအနားမှာ ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆုကို ပက် ဂွာဒီယိုလာ မရဘဲ အာတီတာ ဆွတ်ခူးခဲ့တာကြောင့် ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ရှိခဲ့ပေမဲ့ ရာသီကုန်ဆုံးချိန်မှာတော့ မန်စီးတီးအသင်းက ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်အဖြစ် ၄ ရာသီဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။
ဒ့ါအပြင် အာဆင်နယ်အသင်းဟာ FA ဖလား တတိယအဆင့်၊ လိဂ်ဖလား စတုတ္ထအဆင့်၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တွေကနေ ထွက်ခဲ့ရတာကြောင့် ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ကွန်မြူနတီဒိုင်းတစ်ခုတည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒါပေမဲ့လည်း Globe Soccer Awards ဆုပေးပွဲမှာ အာတီတာက ဂွါဒီယိုလာကို ကျော်ဖြတ်ပြီးတော့ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆု ဆွတ်ခူးခဲ့တဲ့အတွက် ပရိသတ်တွေက လှောင်ပြောင်နေကြတာဖြစ်ပါတယ်။
အွန်လိုင်းမှာ ပရိသတ်တွေက ‘ပရီးမီးယားလိဂ်မှာ အဆင့် ၂ ၊ ဘာဖလားမှလည်း မရဘူး . .ဒါတောင် အာတီတာက ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆု ရသွားသေးတယ် . .စိတ်ဝင်စားစရာပါပဲ’၊
‘အာဆင်နယ်အသင်းဟာ သူတို့ရဲ့ရှုံးနိမ့်မှုတွေအတွက် နှစ်သိမ့်ဆု ရသွားတာဖြစ်ပါတယ်’၊ ‘ဖလားမရတဲ့ နည်းပြက ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆု ရသွားတာလား . . Globe Soccer Awards ဆုပေးပွဲက တကယ့်ဟာသပါပဲ’လို့ လှောင်ပြောင်ရေးသားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နှစ်ပေါင်း ၂၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့လွဲချော်ခဲ့ပေမဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နိုင်ပွဲအများဆုံးစံချိန် (၂၈ ပွဲ)၊ စံချိန်တင်သွင်းဂိုး(၉၁ ဂိုး)မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့သလို ၂၀၀၃-၀၄ ရာသီ(၉၀ မှတ်)နောက်ပိုင်း တစ်ရာသီအတွင်း အမှတ်အများဆုံးအဖြစ် ၈၉ မှတ်အထိရရှိခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ကြီး ၆ ကြီးနဲ့ဆုံတွေ့မှုမှာလည်း တစ်ပွဲမှ ရှုံးပွဲမရှိခဲ့ပါဘူး။
ဒီလိုစွမ်းဆောင်ရည်ကောင်းတွေကြောင့်ပဲ အာတီတာဟာ Globe Soccer Awards ဆုပေးပွဲမှာ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ဟန် ရှိပါတယ်။