လာမယ့် ရာသီမှာတော့ ပိုကောင်းအောင် လုပ်ဖို့ ဂရီးလစ်ချ် ကို ဂွာဒီယိုလာ ပြောဆို သတိပေးထားပါပြီ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမယ့်ရာသီမှာ အခုရာသီထက်ပိုကောင်းအောင် လုပ်ဆောင်ဖို့ ဂရီးလစ်ချ်ကို ပြောကြားလိုက်ပါတယ်။
အသက် ၂၈ နှစ်သားဟာ စီးတီးအသင်းနဲ့အတူ ၁၀ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာကြောင့် ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ ဇောချွေးပြန်ခဲ့တာဖြစ်ပါတယ်။
လေ့ကျင့်ခန်းအစီအစဉ်မှာ စိတ်ပျက်ဖွယ်စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် ဖူလ်ဟမ်နဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်သားဟာ နောက်ဆုံးလက်ကျန် ၇ ပွဲမှာ ၉၁ မိနစ် နောက်ပိုင်းမှာ လူစားဝင်ခွင့်ရခဲ့သလို ၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ဂွါဒီယိုလာနဲ့ ဂရီးလစ်ချ်တို့ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲမတိုင်ခင် စကားပြောခဲ့တယ်လို့ ယုံကြည်ရပြီး လာမယ့်ရာသီမှာ ပိုကောင်းအောင်လုပ်ဆောင်ဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပဲလေ့စ်ကိုအနိုင်ရပြီးနောက် ဂရီးလစ်ချ်က “နည်းပြနဲ့ ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော့်စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ အသင်းကို ပြန်လည်ပေးဆပ်ချင်ပါတယ်”လို့ ဧပြီလတုန်းက ပြောကြားခဲ့ပါတယ်။
စီးတီးနည်းပြက ဂရီးလစ်ချ်ရဲ့စွမ်းဆောင်ရည်ဟာ စက်တင်ဘာတုန်းက ခြေထောက်ဒဏ်ရာ ရခဲ့ပြီးနောက် ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။
ဂရီးလစ်ချ်အတွက် ခြေစွမ်းအပြင် ခရစ္စမတ်ကာလတုန်းက အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း အိမ်ဖောက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။ ဗီလာအသင်းခေါင်းဆောင်ဟောင်းဟာ နှစ်သစ်တုန်းက ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့ပြီးနောက် လူတန်တောင်းနဲ့ပွဲမှာ နောက်ထပ် ဒဏ်ရာထပ်ရခဲ့ကာ ၁ လလောက်အနားယူခဲ့ရပါတယ်။
“သူပြန်လာမှာပါ။ ဒီရာသီမှာ ဒိုကူရဲ့ခြေစွမ်းကောင်းတွေကြောင့် သူရုန်းကန်နေရတယ်ဆိုတာ လူတိုင်းမြင်ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းမျိုးပြန်ရလာမှာပါ။ ကျွန်တော်အသေအချာပြောရဲပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
