လူတိုင်းက ချန်ပီယံ မန်စီးတီးကိုပဲ မှတ်မိနေကြမှာ လို့ အာဆင်နယ်ကို သတိပေးတဲ့ ပီတစ်

နှစ်တွေ ကြာလာရင် သမိုင်းမှာ လူတွေဟာ ချန်ပီယံဖြစ်တဲ့ အသင်းတွေကိုပဲ မှတ်မိကြတာဖြစ်ကြောင်းနဲ့ ဒုတိယရတဲ့ အသင်းကို ဘယ်သူမှ မှတ်မထားဘူးလို့ အာဆင်နယ် ကွင်းလယ်လူဟောင်း ပီတစ်က သတိပေးလာပါတယ်။

ဒီရာသီမှာ အာဆင်နယ်ဟာ မန်စီးတီးကို မကျော်နိုင်ခြင်းကြောင့် ၂ ရာသီဆက် အဆင့် ၂ နေရာကိုပဲ ကျေနပ်ခဲ့ရပါတယ်။ အာဆင်နယ်အနေနဲ့ ချန်ပီယံဖြစ်အောင် ကြိုးစားဖို့နဲ့ ဒါမှ ဘယ်လောက်ကောင်းတဲ့ အသင်းဖြစ်ကြောင်း မှတ်မိကြမယ်လို့ ထောက်ပြခံလာရပါတယ်။

ဂန်းနားဟောင်းကြီး ပီတစ်က “ အာတီတာရဲ့ ကြိုးစားအားထုတ်မှုကို ကျနော် ကျေနပ်ပါတယ်၊ နောက်ဆုံးနေ့မှာ ဖလားဆုံးရှုံးခဲ့တယ်ဆိုပေမယ့် ဒီရာသီအတွက်လည်း ပျော်ရွှင်ပါတယ်။ ဒါကို ၁၉၉၉ ခုနှစ်တုန်းက ကျနော်တို့ ဖြစ်ခဲ့ဖူးပါတယ်။

၉၈ မှာ ပြည်တွင်းဖလား ၂ လုံး အောင်မြင်ပေမယ့်လို့ ၉၉ ခုနှစ် နောက်ဆုံးရက်မှာ ဖလား ဆုံးရှုံးခဲ့ဖူးပါတယ်။ ကျနော်တို့ ခေတ်နဲ့ အခုခေတ် အာဆင်နယ်ကို နှိုင်းယှဉ်တာမျိုးတော့ လုပ်မှာ မဟုတ်ပါဘူး။

ဒီရာသီ အာဆင်နယ်ကို နောက် ၁၀ နှစ်ကြာရင် လူတွေ မှတ်မိကြမယ် ထင်လား? အာဆင်နယ်က အကောင်းဆုံး အရှုံးသမားဖြစ်ခဲ့ပေမယ့် ကျနော်ကတော့ အောင်နိုင်သူပဲ ဖြစ်ချင်တယ်။

မန်စီးတီးက ၄ ရာသီဆက် ချန်ပီယံဖြစ်ခဲ့တာပါ၊ နောက်ထပ် နှစ်ပေါင်း ၂၀၊ ၃၀၊ ၅၀ လောက်ကြာရင် လူတိုင်းက မန်စီးတီး ချန်ပီယံဖြစ်တာကိုပဲ မှတ်မိမှာပါ။ အာဆင်နယ် ဒုတိယရတာ ဘယ်သူမှ မှတ်မိကြမယ် မထင်ပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။