နားရက်က အစောကြီး ပြန်လာပြီး အင်္ဂလန်အသင်းနဲ့ လေ့ကျင့်နေပေမယ့် အပြီးသတ် လူစာရင်း ဝင်ဖို့ မသေချာသေးတဲ့ ဂရီးလစ်ချ်

မန်စီးတီး ကွင်းလယ်လူ ဂျက် ဂရီးလစ်ရှ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အပြီးသတ်လူစာရင်းတွင် ချန်လှပ်ခြင်းခံလာရဖို့ ရှိနေပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်ဟာ ယနေ့ညတွင် ဘော့စနီးယားနှင့် ခြေစမ်းပွဲကစားကာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ပြင်ဆင် လာပါမယ်။

အသက် ၂၈ နှစ် အရွယ် အင်္ဂလန်သား ဂရီးလစ်ရှ် ဟာ ဘော့စနီးယားနှင့်ပွဲစဉ်တွင် ပါဝင်လာဖွယ် ရှိနေပါတယ်။ သူဟာ အားလပ်ရက်အပန်းဖြေခရီးမှ စောစောစီးစီး ပြန်လာကာ အင်္ဂလန်အသင်းနှင့် ပူးပေါင်းလာခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဆောက်ဂိတ်ဟာ မန်စီးတီးအတွက် နောက်ဆုံး ၅ ပွဲတွင် ၁၀ မိနစ်တည်းသာ ကစားခွင့်ရလာခဲ့တဲ့ ဂျက် ဂရီးလစ်ရှ် အား အင်္ဂလန်အပြီးသတ်စာရင်းတွင် ပါဝင်မယ်လို့ အာမခံလာခြင်း မရှိပါဘူး။

ဆောက်ဂိတ်က “ကျွန်တော်တို့ အပြီးသတ် မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ကို ရွေးမယ်၊ မရွေးဘူးဆိုတာ ဆွေးနွေးနေတုန်းဆိုတော ပြောဖို့ ခက်တယ်။ ကျွန်တော်တို့မှာ ဒီဧရိယာမှာ ကစားသမားကောင်းတော်တော်များများ ရှိတယ်။ သူတို့အားလုံး ပြိုင်နေကြတယ်။

ဘယ်သူက တစ်ရာသီ အကောင်းဆုံးကစားလာတယ်ဆိုတာ သိတယ်။ အခြားနေရာအတွက် ကာဘာ ရလာဖို့အတွက်လည်း စဉ်းစားဖို့ လိုတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။