မြန်မာနိုင်ငံသား ၂ ဦး ထိုင်းထီပထမဆု ဘတ် ၆ သန်းဖိုးစီ ပေါက်

၂၀၂၄ ဇွန် ၁ ရက်က ထွက်သွားတဲ့ ထိုင်းထီ ပထမဆု ပေါက်ဂဏန်း ၅၃၀၅၉၃ မှာ မြန်မာနိုင်ငံသား ၂ ဦးလည်း ကံထူးပြီး ဘတ် ၆ သန်းဖိုးစီ ပေါက်သွားပါတယ်။

ပထမတဦးမှာ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ် ရာဘာခြံမှာ အလုပ်လုပ်နေတဲ့ အသက် ၄၅ နှစ်အရွယ် မြန်မာအလုပ်သမားဖြစ်ပါတယ်။

ရန်ကုန်ဇာတိလို့ သိရပြီး ထိုင်းမှာ ရာဘာခြစ်တဲ့အလုပ် လုပ်ကိုင်နေတာပါ။ အလုပ်က သူဌေးဖြစ်သူနဲ့ တယောက်တစောင်စီ တူတူဝယ်ထိုးကြရင်း နှစ်ယောက်လုံး ပေါက်ခဲ့တာဖြစ်ပါတယ်။

“သူတို့မိသားစုက ခြံအလုပ်သမားပဲဆိုတော့ ငွေကြေး အဆင်မပြေပါဘူး။ ကလေးတဖက်နဲ့ဆိုတော့ မြန်မာပြည်က မိဘတွေဆီလည်း ပိုက်ဆံမပို့နိုင်တာလည်း လနဲ့ချီပြီ။ အခက်အခဲဖြစ်နေတုန်း ထီပေါက်တော့ တအားဝမ်းသာကြတာပေါ့။ ” လို့ ထိုင်းမှာ ဆုငွေထုတ်ယူရေး အကူအညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းထီကို အွန်လိုင်းကနေ မှာယူ ထိုးတဲ့ မြန်မာပြည်က အမျိုးသမီးတစ်ယောက်လည်း ပထမဆု ပေါက်သွားပါသေးတယ်။ သူမဟာ စစ်ဘေးရှောင်အမျိုးသမီးဖြစ်ပြီး တနင်္သာရီတိုင်း ထားဝယ်ဘက်ကလို့ သိရပါတယ်။