ဘဏ္ဍာရေးဆိုင်စည်းမျဉ်းများအတွက် ပရီးမီးယားလိဂ်ကို မန်စီးတီး က အရင် တရားစွဲပြီ

မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့်အပတ်မှာ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများ Associated Party Transaction (APT) အတွက် ပရီးမီးယားလိဂ်ကို တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ စပွန်ဆာစာချုပ်များနှင့်ပတ်သက်ပြီး ပရီးမီးယားလိဂ်က ပြောင်းလဲ ကန့်သတ်တဲ့ စည်းမျဉ်းများ ပြုလုပ်လာပြီးနောက် ဇွန်လ ၁၀ ရက်မှ ဇွန်လ ၂၁ ရက်အတွင်းတွင် ပရီးမီးယားလိဂ်နှင့် တရားရင်ဆိုင်လာမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ စာမျက်နှာ ၁၆၅ မျက်နှာပါ တရားစွဲဆိုမှုမှတ်တမ်းဖြင့် ပရီးမီးယားလိဂ်အား တရားစွဲလာတာ ဖြစ်ပြီး ယင်းအထဲတွင် ၎င်းတို့မှာ ခွဲခြားဆက်ဆံခြင်းခံနေရပြီး ယခု ပြောင်းလဲသတ်မှတ်လာတဲ့ စည်းမျဉ်းမှာ မိမိတို့ရဲ့ ကွင်းတွင်း အောင်မြင်မှုအပေါ် မနာလိုတဲ့ ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်များရဲ့ လှုံဆော်မှုကြောင့် လုပ်ဆောင်လာတာလို့ စွပ်စွဲထားပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့လတုန်းက အင်္ဂလိပ်ဘောလုံးသမိုင်းတွင် ပထမဆုံး အမှတ်ပေးဖလား ၄ ကြိမ်ဆက်ရအသင်းအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါတယ်။
မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်းများ ချိုးဖောက်မှုကြောင့် စွဲချက် ၁၁၅ ခုဖြင့် ရင်ဆိုင်ရပြီး လအတန်ကြာတွင် ပရီးမီးယားလိဂ်အား ပြန်လည်တရားစွဲလာတာ ဖြစ်ပါတယ်။
မန်စီးတီးစွဲချက်တင်ခံထားရတဲ့ စွဲချက်အချို့မှာ ကလပ်ရဲ့ အဓိကစပွန်ဆာ Abu Dhabi နှင့် သက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။
ယခုနှစ်အစောပိုင်းတုန်းက ပရီးမီးယားလိဂ်ဟာ စပွန်ဆာစာချုပ်နှင့်ပတ်သက်ပြီး စည်းမျဉ်းသစ် သတ်မှတ်ခဲ့ပါတယ်။ ယင်းစည်းမျဉ်းသစ်အား ကလပ် ၁၄ ခု (အနည်းဆုံး)ထောက်ခံမှုမဲ ဖြင့် ဆုံးဖြတ်ရတဲ့ စည်းမျဉ်းလည်း ဖြစ်ပါတယ်။
မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ကို တရားစွဲမှုက ဇွန် ၁ဝ ရက်နေ့မှာ စတင် ကြားနာမှာ ဖြစ်ပြီး စီးတီးရဲ့ ၁၁၅ မှုကတော့ ဒီ ၂၀၂၄ နှစ် မကုန်ခင် ဆောင်းရာသီမှာ ကြားနာမယ် လို့ သိရပါတယ်။