ကီဗင်ဒီဘရိုင်း မန်ချက်စတာ စီးတီးကနေ ထွက်ခွာတော့မှာလား .. ?

မန်စီးတီးကွင်းလယ်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းကတော့ သူ့ဘက်က မည်သည့်ကမ်းလှမ်းမှုကိုမဆို တံခါးဖွင့်ထားကြောင်း ပြောကြားကာ ဆော်ဒီသို့ ပြောင်းကစားရေး တံခါးဖွင့်ပေးလာပါတယ်။

အသက် ၃၂ နှစ်ရှိ ဘယ်လ်ဂျီယံစတားဟာ ၂၀၁၅ ခုနှစ်တွင် မန်စီးတီးသို့ ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးထားနိုင်သူ ဖြစ်ပြီး မန်စီးတီးနှင့် ၁ နှစ်စာချုပ်သက်တမ်းသာ ကျန်ပါတော့တယ်။

ဒီဘရိုင်းဟာ ဆော်ဒီမှ ကြီးမားတဲ့ ကမ်းလှမ်းမှု ရရှိထားပြီး အနာဂတ်နှင့်ပတ်သက်ပြီး ဇနီးသည်နှင့် ဆွေးနွေးနေပါတယ်။

ဒီဘရိုင်းက “မီချယ်လီ (ဇနီးဖြစ်သူ) အတွက် ထူးခြားဆန်းပြားတဲ့ စွန့်စားခန်းက အိုကေပါတယ်။ မိသားစုတစ်ခုအနေနဲ့ ဒါနဲ့ပတ်သက်ပြီး အလေးအနက်ထား ဆွေးနွေးနေကြပါတယ်။ စာချုပ် ၁ နှစ်ကျန်ပါသေးတယ်။ ဒီတော့ ဖြစ်လာမလဲဆိုတာ တွေးနေပါတယ်။

ကျွန်တော့် အကြီးဆုံးသားက ၈ နှစ်ရှိနေပြီ။ ဘာမှတော့ မသိသေးပါဘူး။ ဒါပေမဲ့ အင်္ဂလန်မှာ နေရတာပါ။ မန်စီးတီးမှာ ဘယ်လောက် ကြာကြာ ကစားမလဲလို့ အမြဲမေးတယ်။ တချိန်တခု ရောက်လာတဲ့အခါ သေချာတဲ့လမ်းကို ကျွန်တော် ရွေးရပါတော့မယ်။

ကျွန်တော့်အသက်အရွယ်အရ အားလုံးကို တံခါးဖွင့်ထားတယ်။ ကစားသမားဘဝအနားယူဖို့ ရောက်လာချိန်မှာ မယုံနိုင်စရာကောင်းတဲ့ အကြောင်းအရာတွေကို ပြောလာရပါတယ်။ တခါတလေ ဒါက မဖြစ်မနေ တွေးဖို့ လိုပါတယ်”လို့ ပြောကြားသွားပါတယ်။

ဒီဘရိုင်းဟာ ဆော်ဒီသို့ ၂ နှစ်ကြာ သွားရောက်ကစားပြီး ငွေအမြောက်အမြားရှာဖွေရန်လည်း အလေးအနက်ထား စဉ်းစားနေပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ၅ လနီးပါးကြာ အနားယူခဲ့ရတဲ့ သူဟာ ယခုနွေရာသီ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံနှင့်အတူ ပြင်ဆင်နေပါတယ်။