ဂျူလီယန် အဲလ်ဗာရက်ဇ် ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲ ချယ်ဆီး ပါဝင်လာခြင်းနဲ့ မန်စီးတီး လိုချင်တဲ့ ပြောင်းရွှေ့ကြေး

မန်ချက်စတာ စီးတီး တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်ကို နွေဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲမှာ ပီအက်စ်ဂျီ၊ အသက်လက်တီကို မက်ဒရစ်တို့အပြင် ချယ်ဆီးအသင်းပါ ပါဝင်နေတယ်လို့ သိရှိရပါတယ်။
အသက် (၂၄)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား အဲလ်ဗာရက်ဇ်ဟာ အခုဆိုရင် မန်စီးတီးအသင်းအတွက် (၂)ရာသီအထိ ကစားထားခဲ့ပြီဖြစ်ပြီး (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၀၃)ပွဲကစား (၃၆)ဂိုးသွင်းယူကာ (၁၈)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
အဲလ်ဗာရက်ဇ်ဟာ စီးတီးကစားသမားဘဝ (၂)ရာသီအတွင်းမှာ ဆုဖလား အားလုံးနီးပါးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီး ပွဲပေါင်း (၁၀၀)ကျော်အထိတောင် ကစားဖြစ်ခဲ့ပါသေးတယ်။
အဲလ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ပြိုင်ပွဲစုံ (၅၄)ပွဲအထိတောင် ကစားထားရပေမယ့် ပွဲကြီးတွေမှာတော့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရပြီး အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပါတယ်။ ဒီလို အခြေအနေမှာ အဲလ်ဗာရက်ဇ်အနေနဲ့ ပွဲကစားခွင့်တွေ ပိုမို အလိုရှိလာခဲ့တဲ့အတွက် မန်စီးတီးကနေ ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
ဒီလို အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ အစီအစဉ် ရှိနေတဲ့ အဲလ်ဗာရက်ဇ်ကို အသက်လက်တီကို မက်ဒရစ်က စတင် စိတ်ဝင်စားခဲ့သလို ပီအက်စ်ဂျီကလည်း မျက်စိကျလာခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ကလပ် ချယ်ဆီးပါ အဲလ်ဗာရက်ဇ်ကို အလိုရှိလာခဲ့ပါတယ်။
ချယ်ဆီးက မန်စီးတီးအသင်းကနေ စတာလင်း ပါလ်မာတို့ကို ခေါ်ယူထားခဲ့သလို အခု အသင်းကို ရောက်ရှိနေတဲ့ နည်းပြ မာရီစကာဟာလည်း မန်စီးတီး လက်ထောက်နည်းပြဟောင်း ဖြစ်သလို ဒီရာသီ အသင်းက ခေါ်ယူထားတဲ့ အဒါယာဘီအိုယိုမှာလည်း မန်စီးတီး အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပါတယ်။
အခုလည်း မန်စီးတီးရဲ့ ကြယ်ပွင့် ကစားသမား အဲလ်ဗာရက်ဇ်ကိုပါ ထပ်မံ ချိန်ရွယ်လို့နေပြန်ပြီး မန်စီးတီးဘက်ကတော့ သူတို့ ကစားသမားကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်နေကာ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တောင် ပေါင် သန်း(၈၀)လောက်အထိ အလိုရှိနေပါတယ်။