ဂွါဒီယိုလာ အနာဂတ်၊ စီးတီးမှာ ဆက်ပြီး အတူ ရှိနိုင်ဖို့ အဖြေရှာမယ် ဆိုတဲ့ အမှုဆောင် မူဘာရက်ခ်

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက သူ့အနေနဲ့ လာမယ့်နှစ်မှာ အသင်းကနေ ထွက်ခွာနိုင်ခြေ ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီးနောက် စီးတီး အမှုဆောင် မူူဘာရက်ခ်က မှန်ကန်တဲ့ အဖြေ ရှာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

စပိန်သားဟာ စီးတီးအသင်းကို ၄ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ၂၀၁၆ တုန်းက စီးတီးကိုပြောင်းလာခဲ့တာဖြစ်ပြီး အနာဂတ်မသေချာတဲ့အနေအထားမျိုးဖြစ်နေပါတယ်။

“ပက်နဲ့ ကျွန်တော်တို့ အကြိမ်ရေ တော်တော်များများ စကားပြောဖြစ်ပါတယ်။ ပက်က အသင်းအတွက် အပြည့်အဝ အာရုံစိုက်ထားပါတယ်။ စာချုပ်ထဲက အတိုင်း သူက အသင်းအတွက်ပဲ စိတ်ကူးထဲ ထည့်ထားတာပါ။ သူ့အနာဂတ်က ကျွန်တော်တို့ အတူတူ ဆုံးဖြတ်လေ့ ရှိပါတယ်။

မကြာခင်မှာ မှန်ကန်တဲ့ အဖြေမှန်တစ်ခုရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ မူဘာရက်ခ်က ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ၆ ကြိမ် ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၊ ကလပ်ကမ္ဘာ့ဖလား ၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ်လည်း ရယူနိုင်ခဲ့ပါတယ်။

“ဂွါဒီယိုလာ ဒီအဖွဲ့အစည်း ၊ ဒီအသင်းအတွက် လုပ်ဆောင်ပေးခဲ့တာတွေက စကားလုံးနဲ့ဖော်ပြဖို့ ခက်ခဲပါတယ်။ သမိုင်းကိုပြန်ကြည့်ရင် သူက မှတ်တိုင်တွေစိုက်ထူထားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အဲ့တာအပြင် ဘောလုံးအပေါ်မှာ သူဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလဲဆိုတာ မြင်နိုင်သလို အင်္ဂလိပ်ဘောလုံးလောကအတွက် ပက်ယူဆောင်လာတဲ့ ပြောင်းလဲမှုတွေကိုလည်း မြင်နိုင်ပါတယ်။

လူတိုင်းဆုဖလားရချင်ပါတယ်။ အက်ဖ်အေဖလားလည်း ရယူချင်ပါတယ်။ ဒါပေမယ့် မရခဲ့လို့စိတ်တော့ပျက်မိပါတယ်။ အခုဆို ကျွန်တော်တို့ ဆာလောင်မှုတွေနဲ့အတူ ပြန်လာနေပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နောက်တစ်ကြိမ်အောင်မြင်ချင်တာကြောင့်ပါ။ နောက်တစ်ကြိမ်ဖလား ၃ လုံးချန်ပီယံဖြစ်ချင်ပါတယ်”လို့ ခါလက်ဒွန်းက ပြောကြားခဲ့ပါတယ်။

စီးတီး အသင်းက ပရီးမီးယားလိဂ်နဲ့တရားရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာချိန်မှာပဲ အခုလိုမျိုး ခါလက်ဒွန်းရဲ့မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။