ဇွန်လကစပြီး မြန်မာနိုင်ငံတွင်း Facebook သုံးသူ ၅၀% လျော့ကျလာပြီး အခြား လူမှုကွန်ယက် ၂ ခု အသုံးပြုနှုန်း ထိုးတက်

မြန်မာနိုင်ငံမှာ လူသုံးများတဲ့လူမှုကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုမှုက ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ရင် အခုဇွန်လ အစပိုင်းမှာ ထက်ဝက်ခန့် လျော့ကျသွားပါတယ်။
အိုင်ယာလန်အခြေစိုက် နည်းပညာခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဒေတာတွေမျှဝေနေတဲ့ Statcounter ရဲ့ စစ်တမ်းတွေအရ ၂၀၂၄ ခုနှစ် နှစ်စမှာ မြန်မာနိုင်ငံတွင်း လူမှုကွန်ယက်မျိုးစုံကို အသုံးပြုသူ အားလုံးရဲ့ ၈၄ ဒသမ ၄၅ ရာခိုင်နှုန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် အခုဇွန်လမှာတော့ ၄၄ ဒသမ ၇၉ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ သိရပါတယ်။
မေ ၃၀ ရက်မှာ စစ်ကောင်စီက VPN တွေကို ကန့်သတ်ထိန်းချုပ်လိုက်သလို မြန်မာနိုင်ငံထဲက ဖုန်းအော်ပရေတာတွေကိုလည်း ညွှန်ကြားချက်တွေပို့ပြီး ဖေ့စ်ဘွတ်ခ် အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်ခဲ့တာဖြစ်ပါတယ်။
နည်းပညာနဲ့အလှမ်းဝေးတဲ့ မြန်မာနိုင်ငံက လူများစုက လူမှုကွန်ရက်မှာ ခေတ်အစားဆုံးဖြစ်တဲ့ ဖေ့စ်ဘွတ် ပလက်ဖောင်းကိုသာ အများဆုံးသုံးစွဲကြတာပါ။ ကန့်သတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုမှုက ထက်ဝက်ခန့်လျော့ကျသွားတာဖြစ်ပါတယ်၊
ဖေ့စ်ဘွတ်ခ် ကျဆင်းသွားပေမယ့် အခြားသော လူမှုကွန်ယက် ပလက်ဖောင်းတွေဖြစ်တဲ့ X က ၅ ဒသမ ၅၁ ရာခိုင်နှုန်းကနေ ၁၂ ဒသမ ၀၄ ရာခိုင်နှုန်းတက်လာပြီး ယူကျုဘ်က ၃ ဒသမ ၃၁ ရာခိုင်နှုန်း ကနေ ၁၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး တက်လာတာကို Statcounter ရဲ့ အချက်အလက် ဇယားမှာ တွေ့ရပါတယ်။
Statcounter ရဲ့ အချက်အလက် ဇယားမှာတော့ မြန်မာနိုင်ငံတွင်း ရေပန်းစား ပလက်ဖောင်းတစ်ခုဖြစ်တဲ့ တစ်တော့ကို ထည့်သွင်းထားခြင်းတော့ မရှိတာဖြစ်ပါတယ်။