ပက် ဂွာဒီယိုလာ၊ ကလော့ပ်နဲ့ တူချယ် တို့ဆီက သူ ရခဲ့တဲ့ အတုယူ၊ သင်ယူစရာတွေအား ဂမ်ဒိုဂန် ဖော်ထုတ်

ဝါရင့်ကွင်းလယ်လူ ဂမ်ဒိုဂန်က ကလပ်အသင်းတွေမှာ ဆုံခဲ့ဖူးသူ၊ ဆရာဟောင်းတွေဖြစ်တဲ့ ပက်ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်နဲ့ သောမတ်စ်တူချယ်တို့ဆီမှ အတုယူစရာ စရိုက်လက္ခဏာတွေအကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယာဂန်ကလော့ပ်၊ တူချယ်တို့ဆီမှာ ဒေါ့မွန်ကစားသမားအဖြစ် ကျင်လည်ခဲ့ဖူးသလို မန်စီးတီးမှာ ပက်ဂွါဒီယိုလာနဲ့ လက်တွဲခဲ့ရဖူးတဲ့ အသက်-၃၃ နှစ်အရွယ် ဘာစီလိုနာကြယ်ပွင့်က အနာဂတ်မှာ ဘောလုံးလောကရဲ့စီမံခန့်ခွဲမှုနယ်ပယ်ဆီ ဝင်ရောက်ချင်နေပြီး လေဗာကူဆင်နည်းပြအလွန်ဆိုလိုမျိုး စွမ်းဆောင်သွားဖို့ လိုလားနေပါတယ်။

ထိပ်တန်းနည်းပြတွေဆီမှ ရရှိခဲ့တဲ့ စရိုက်လက္ခဏာကောင်းတစ်ခုစီလောက်ကို ရှင်းပြပေးဖို့ တောင်းဆိုလိုက်ချိန်မှာ ဂမ်ဒိုဂန်က ခုလို ဖြေကြားခဲ့တာပါ။

“ပက် ဂွါဒီယိုလာဆီက ဘောလုံးဉာဏ်ရည်ဉာဏ်သွေး၊ ကလော့ပ်ဆီက ဖခင်ဆန်ဆန် သြဇာသက်ရောက်မှု၊ တူချယ်ဆီက လေ့ကျင့်ရေးနည်းနာတွေနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုတွေ သင်ယူရရှိခဲ့ပါတယ်။ ဥပမာအားဖြင့် တူချယ်က ဘောလုံးလက်ခံရရှိချိန်နဲ့ ဘောလုံးဆွဲပြေးချိန်တွေမှာ ခြေထောက်ကို ဘယ်လိုအနေအထားမျိုးမှာ ရှိနေရမလဲဆိုတာအထိ အာရုံစူးစိုက်မှုအပြည့်နဲ့ အမြဲတမ်းသင်ကြားပေးလေ့ရှိပါတယ်”လို့ ပြောပါတယ်။

ပက်ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်နဲ့ တူချယ်တို့က ထိပ်တန်းနည်းပြတွေအဖြစ် ကာလကြာရှည် ရှုမြင်ခံထားရသူတွေဖြစ်ပြီး အလွန်ဆိုကလည်း လေဗာကူဆင်အတွက် အံ့အားသင့်ဖွယ် ဘောလုံးရာသီကို ဖန်တီးပြီးနောက် ဒီစာရင်းမှာ ပါဝင်လာနိုင်သူဖြစ်ပါတယ်။

အကယ်၍ ဂမ်ဒိုဂန်အနေဖြင့် ကစားသမားဘ၀ ကုန်ဆုံးပြီးနောက် စီမံခန့်ခွဲမှုနယ်ပယ်ဆီ တက်လှမ်းလာမယ်ဆိုရင် အဆိုပါနည်းပြလေးဦးထက် သူ့ရဲ့နည်းစနစ်ပိုင်းက ပိုပြီးတော့ပြင်းထန်နိုင်ဖွယ် ရှိပါတယ်။

လက်ရှိမှာ ဂမ်ဒိုဂန်က ဂျာမနီအသင်းနဲ့ အတူ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။

လက်ရွေးစင်အဆင့် ၇၆ ပွဲအထိ ကစားပေးထားတဲ့ အသက်-၃၃ နှစ်အရွယ်ကစားသမားက လာမယ့်သီတင်းပတ်တွေ အတွင်း ဂျာမနီလက်ရွေးစင်အသင်းအတွက် အဓိကအခန်းကဏ္ဍတစ်ခုမှာ ပါဝင်ကစားခွင့်ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။