ထိုင်းဖိုက်တာရဲ့ ကန်ချက်တွေအောက်မှာ ရူးခါခဲ့ရပြီး ရှုံးနိမ့်သွားတဲ့ သွေးသစ်ဝင်းလှိုင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယနေ့ကျင်းပခဲ့တဲ့ ONE Friday Night ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ ကျော် သွေးသစ်ဝင်းလှိုင်ဟာ ထိုင်းဖိုက်တာ ခွန်ဆက်ကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ထိုင်းဖိုက်တာ ခွန်ဆက်ဟာ သူ့ထက် အတွေ့အကြုံရင့်တဲ့ သွေးသစ်ဝင်းလှိုင်ကို ဘယ်လို ထိုးရမလဲ ကောင်းကောင်းနားလည်ထားခဲ့ပါတယ်။ သွေးသစ်ကို သိပ်အကပ်မခံဘဲ ခွာထိုးနိုင်အောင် ကြိုးစားကာ အသာစီးထိုးသတ်ပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။

အရပ်အမောင်းကောင်းတဲ့ ထိုင်းဖိုက်တာဟာ ကန်ချက်ကောင်းတွေနဲ့အတူ အသာစီး ကစားပြခဲ့သလို အနီးကပ်တွေမှာလည်း ထိုးကွက်နဲ့ တံတောင်ပေးတွေ ကောင်းမွန်ခဲ့တာပါ။ အထူးသဖြင့် သူ့ရဲ့ ကန်ချက်တွေကြောင့်ပဲ သွေးသစ် အတော်လေး အထိနာခဲ့တာပါ။

သွေးသစ်ဘက်က တုန့်ပြန်နိုင်စွမ်း နည်းခဲ့ပြီး ပထမအချီမှာတင် အရှုံးပေးရလုဖြစ်ခဲ့ပါတယ်။ သွေးသစ်အနေနဲ့ မာဂုဏ်ဖြင့် တောင့်ခံကစားခဲ့ကာ ဒီပွဲမှာ အလဲထိုးမခံရတာကို ကံကောင်းခဲ့တယ် ဆိုရပါမယ်။

ထိုင်းမြေပေါ်မှာကျင်းပတဲ့ ONE Friday Night ပြိုင်ပွဲ မွေ့ထိုင်းပွဲစဉ်တွေမှာ မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာတွေဖြစ်တဲ့ စိုးလင်းဦး၊ သန့်ဇင်နဲ့ မိုးထက်အောင်တို့ဟာ ပွဲစဉ်တိုင်းမှာ ပြိုင်ဘက်တွေကို အလဲထိုး အနိုင်ယူတဲ့မှတ်တမ်း စိုက်ထူထားပါတယ်။

ဒီကနေ့ပွဲစဉ်မှာ သွေးသစ်ဝင်းလှိုင် ရှုံးနိမ့်ခဲ့တာကြောင့် ONE Friday Night မှာ ပြိုင်ဘက်တိုင်းကို အလဲထိုးအနိုင်ယူထားတဲ့ မြန်မာလက်ဝှေ့ကျော်တွေရဲ့မှတ်တမ်းကောင်းက ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။