ပြင်ပရွှေစျေးကွက် မရှိတော့တဲ့နောက် ရွှေစျေးကွက်အသစ် ပေါ်လာ

ရန်ကုန်က ရွှေဆိုင်တွေဟာ ရွှေကိုပြန်ဝယ်ချိန်မှာ YGEA အသင်းသတ်မှတ်စျေးနဲ့ဝယ်ယူပြီး ပြန်လည်ရောင်းချရာမှာတော့ အဆိုပါစျေးအတိုင်း ရောင်းချပေးမှု မလုပ်ကြဘူးလို့ သိရပါတယ်။

ရွှေဆိုင်အများစုဟာ ၁၆ ပဲရည်အခေါက်ရွှေကို အရောင်းပိတ်တာတွေရှိပြီး ရွှေထည်ပြန်အဝယ်သာရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်ပရွှေစျေးကွက်မှာ ၁၅ ပဲရည်ရွှေကိုပင် တကျပ်သားကို ၅၂ သိန်းကျော်နဲ့ ရောင်းချမှုတွေရှိနေပါတယ်။

ရွှေဆိုင်တွေအားလုံး YGEA ရွှေအသင်းက နေ့စဥ်ထုတ်ပြန်တဲ့ သတ်မှတ်ရွှေစျေးနူန်းအတိုင်းသာရောင်းချဖို့ သတိပေးလိုက်ပြီးနောက်မှာ ရွှေဆိုင်တွေရဲ့ ရွှေပြန်ဝယ်ရင် စျေးတခု၊ ရောင်းချပါကစျေးတန်းတခု ဆိုတဲ့ စျေးကွက်အသစ်ပေါ်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ဆိုင်တိုင်းက ရွှေတွေကို ပြန်ဝယ်ပေးနေကြခြင်းတော့ မဟုတ်ဘဲ တချို့ဆိုင်တွေကဆိုရင် ရွှေကို လာရောင်းခြင်း မဟုတ်ဘဲ အပေါင်သဘော ထားဖို့ ပြောဆိုတာမျိုး ရှိပါတယ်။

YGEA ရွှေပေါက်စျေးက အကယ်ဒမီ မီးလင်းရွှေတကျပ်သားကို ၄၇၉၃၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပမှာ ဆိုင်အချို့ရဲ့စျေးကတော့ ၁၆ ပဲရည်အခေါက်ရွှေတကျပ်သားကို ၅၃ သိန်းကျော်ရှိနေတယ်လို့သိရပါတယ်။

ပြင်ပရွှေစျေးဟာ နယ်မြေဒေသအပေါ်လိုက်ပြီး စျေးနူန်းအမျိုးမျိုးဖြစ်ပေါ်နေရာ တနင်္သာရီ တိုင်း ၊မြိတ်အပါအဝင်ဒေသအချို့မှာ အခေါက်ရွှေတကျပ်သားကို ၅၅ သိန်းကျော်အထိရှိနေတယ်လို့ သိရှိရပါတယ်။