လေယာဉ်ပေါ်မှာ သူများ လက်ဆွဲအိတ်တွေကို သတိထားပါ၊ အကြောင်းကတော့ ..

လေယာဉ်ပေါ်မှာ သတိထားပါ၊ သူများ လက်ဆွဲအိတ်ကို ယောင်လို့တောင် သွားမထိနဲ့၊ မကူညီပါနဲ့။

လေယာဉ်နဲ့ ခရီးတွေ အမြောက်အမြားထွက်ရင် ကပ်လျက်ထိုင်ခုံက ခရီးသွားမိတ်ဆွေရဲ့ ဖော်ရွေမှုကို အထူး (အထူး) သတိထားပါ။

လေယာဉ်ပေါ်မှာ ကျွန်မထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဘေးခုံမှာဝင်ထိုင်လိုက်တယ်။

ဦးခေါင်းအထက်က-ပစ္စည်းထားသိုတဲ့ အကန့်ထဲကို သူ့ရဲ့လက်ဆွဲအိတ် ထည့်ပေးဖို့ အကူအညီ တောင်းတယ်။

ရှေ့မှာထိုင်နေတဲ့ အမျိုးသားတစ်ယောက်က အမြန်ရောက်လာပြီး ဝင်ကူညီလိုက်လို့ တော်ပါသေးရဲ့။

ကျွန်မအရပ်က သိပ်မမြင့်ပါဘူး။
အဲဒီအကန့်ကိုတော့ ဖြစ်တဲ့နည်းနဲ့ ရှောင်နေကျပါ။

ထိုင်ထိုင်ချင်းမှာပဲ သူက ကျွန်မကို -စကားတွေ ရွှန်းရွှန်းဝေအောင် ဖောင်ဖွဲ့ပြောတော့တာပါပဲ။
သူက အလွန်ကို ခင်မင်စရာကောင်းသလို စကားပြောလည်း အင်မတန်ကောင်းသူပါ။

ဒါနဲ့ပဲ ကျွန်မတို့နှစ်ယောက် ဒူဘိုင်းကိုသွားမယ့် ခရီးစဉ်တလျှောက်လုံး ရောက်တတ်ရာရာ အာလာပသလ္လာပတွေကို တဝကြီး ပြောဖြစ်ခဲ့ကြတယ်။

လေယာဉ်မှူးက မကြာခင်အချိန်အတွင်းမှာ DXB (ဒူဘိုင်းလေဆိပ်) ကို ဆင်းသက်တော့မယ့်အကြောင်း ကြေညာလိုက်ချိန်မှာ ကျွန်မခရီးသွားဖော်က- ရုတ်တရက်ဆိုသလို ဗိုက်အောင့်ဝေဒနာ ခံစားလာရတာကို ကရုဏာသက်မိလို့ လူခေါ်တဲ့ခလုတ်ကို နှိပ်လိုက်တယ်။

လေယာဉ်မယ်ရောက်လာပြီး ဘာပြဿနာရှိလဲမေးတာနဲ့ သူသိပ်နေမကောင်းကြောင်း ရှင်းပြနေတုန်းမှာပဲ သူက- ကျွန်မကို “သမီးရေ … သမီးရေ … ” လို့ ခေါ်နေပါလေရော။

လေယာဉ်မယ်က အကိုက်အခဲပျောက်ဆေး ပေးရုံကလွဲလို့ ဘာမှလုပ်မပေးနိုင်ကြောင်းနဲ့ … လေယာဉ်ဆင်းတဲ့အထိ သည်းခံပြီးစောင့်ပါ-လို့ ရှင်းပြသွားတယ်။

လေယာဉ်မှူးကလည်း လေယာဉ်ပေါ်မှာ ဆေးဝါးကုသမှုဆိုင်ရာ အရေးပေါ်အခြေအနေ ကြုံနေရပြီဖြစ်လို့ ခရီးသည်တွေအားလုံး စိတ်မလှုပ်ရှားကြဘဲ တည်တည်ငြိမ်ငြိမ် နေကြဖို့ အသံချဲ့စက်ကနေ အကြံပေးစကား ပြောကြားလာတယ်။

ကျွန်မမိတ်ဆွေသစ်ကတော့-အော်ရင်းဟစ်ရင်း ချွေးတွေလည်း တစ်ကိုယ်လုံး ရွှဲနစ်နေပြီး အရူးတစ်ယောက်လို ဆက်အော်နေပြီး ကျွန်မလက်ကိုလည်း လုံးဝမလွှတ်ဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေတော့ ကျန် ခရီးသည်တွေက ကျွန်မတို့ကို သိကျွမ်းတယ်…လို့ပဲ ယူဆထားကြတာပေါ့လေ။

မကြာခင်မှာပဲ DXB ကို လေယာဉ်ဆင်းသက်ပါပြီ။

ကျွန်မခရီးသွားဖော်ရဲ့ လက်ဆွဲအိတ်ကို ဦးခေါင်းအထက်က ပစ္စည်းထားသိုတဲ့ အကန့်ထဲကို ကူညီပြီးထည့်ပေးခဲ့တဲ့ အမျိုးသားကပဲ … ပြန်ထုတ်ပေးနေတုန်းမှာ ကျွန်မတို့နှစ်ယောက်ဟာ- ဒီခရီးစဉ်ကို အတူတူထွက်လာတာ -မဟုတ်မှန်း လေယာဉ်ဝန်ထမ်းတွေ ရှင်းရှင်းလင်းလင်း သိသွားအောင် ခပ်ဝေးဝေးမှာ…နေဖို့ အကြံဉာဏ်ပေးတာဟာ – ဘုရား မ တာပါပဲ။

လေယာဉ်ဝန်ထမ်းတွေက ကျွန်မတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို မေးမြန်းကြတဲ့အခါ … ကျွန်မက- သူ့ကို လုံးဝမသိကြောင်းနဲ့ လေယာဉ်ပေါ်ရောက်မှ စ တွေ့ဖူးကြောင်းကို ပြတ်ပြတ်သားသား ဖြေလိုက်တယ်။

ကျွန်မတို့ လေယာဉ်ပေါ်ကဆင်းပြီး သူ့ကိုနှုတ်ဆက်ချိန်မှာတော့ သူ့လက်ဆွဲအိတ်ကို ကူသယ်ပေးဖို့ တောင်းပန်နေပြန်ရော။ ကျွန်မ စိတ်အရမ်းညစ်သွားတယ်။

ဒါပေမယ့် ဟိုအမျိုးသားကပဲ- ကျွန်မကို စေ့စေ့ကြည့်ရင်း …. သူ့ခေါင်းကို လေးလေးနက်နက် ခါပြနေပြီး
အဲဒီပြဿနာကို လေယာဉ်ဝန်ထမ်းတွေကိုပဲ ဖြေရှင်းခိုင်းဖို့- ရေးထားတဲ့ စာတိုလေးတစ်စောင် ကျွန်မကို လှမ်းပေးလာတယ်။

ဒါနဲ့ပဲ ကျွန်မရဲ့မိတ်ဆွေသစ်ကို လေယာဉ်ဝန်ထမ်းတွေ လာပြီးဖြေရှင်းပေးမယ့် အချိန်ကို စောင့်ဆိုင်းဖို့ …
ဘီးတပ်ကုလားထိုင်နဲ့ ထားခဲ့ရတာကိုပဲ ကိုယ့်မှာအပြစ်ရှိတယ်လို့ …. ခံစားမိရင်း ထွက်လာခဲ့တယ်။

ကျွန်မတို့ခရီးသည်တွေရဲ့ လက်ဆွဲအိတ်တွေကို စောင့်ဆိုင်းနေချိန်မှာပဲ …. ဆူဆူညံညံနဲ့ သောင်းကျန်းတဲ့အသံကို
ကြားလိုက်ရတယ်။

ကျွန်မမိတ်ဆွေသစ်က ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေရာကထပြီး လေယာဉ် ဝန်ထမ်းတွေကို ရှောင်တိမ်းရင်း
ထွက်ပြေးနေတော့ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တော့တာပေါ့။

သူ့ပိုက်ဆံအိတ်ကို လေယာဉ်မယ်နဲ့ထားခဲ့ပြီး လက်ဆွဲအိတ်နဲ့အတူ ထွက်ပေါက်ရှိရာကို ဦးတည်ပြီး အသားကုန်ပြေးသွားပါလေရော။

ကံကောင်းထောက်မလို့သာပါလား။

လေယာဉ်ကွင်းရဲတွေပြေးတာ သူ့ထက်ပိုမြန်တယ်လေ။ သူ့ကိုဖမ်းမိလာပြီး လက်ထိပ်တွေနဲ့ ပြန်ခေါ်လာတယ်။

သူက … ကျွန်မကို “သမီးရေ … သမီးရေ … ဘယ်လိုလုပ်ရက်တာလဲကွယ်” …လို့ အော်ပြောနေပါလေရော။

အဲဒီတော့မှ သူမူးယစ်ဆေးတွေ သယ်လာပြီး ကျွန်မကိုငြိစွန်းအောင် ကြိုးစားနေတာကို အမှန်အတိုင်း သဘောပေါက်မိတော့တယ်။

လက်ဆွဲအိတ်ကို ခေါင်းအထက်က -အကန့်ထဲကို ကူညီပြီးထည့်ပေးခဲ့တဲ့ အမျိုးသားကပဲကျွန်မတို့ နှစ်ယောက်ဟာ လေယာဉ်ပေါ်ရောက်မှ စတင် တွေ့ဖူးကြောင်း လေယာဉ်ကွင်းရဲတွေကို ဝင်ပြီး ရှင်းပြပေးလို့… သာ ကျွန်မကံကောင်းသွားတယ်-လို့ ပြောရပါလိမ့်မယ်။

ရဲတစ်ယောက်က- ကျွန်မပတ်စ်ပို့ကိုယူပြီး ကျွန်မတို့အတူတကွ ခရီးသွားနေတာမှန်ရင် ကျွန်မ နာမည်အပြည့်အစုံကို မေးပါလေရော။

ကျွန်မရဲ့ပထမနာမည် (ခရစ်ယာန်နာမည်) ကိုတောင် သူ့ကို ပြောမထားမိတာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ။

ရဲတွေက ကျွန်မကို အခန်းငယ်လေးတစ်ခန်းထဲ ခေါ်သွားပြီး သူ့ကိုဘယ်မှာတွေ့ခဲ့ကြောင်း … လေယာဉ်ပေါ်ကို ကျွန်မဘယ်မှာတက်ခဲ့ကြောင်း … သူဘယ်မှာတက်ခဲ့ကြောင်း … စသည်ဖြင့် မေးခွန်းတွေကို အသေးစိတ်မေးပြီး ….ကျွန်မလက်ဆွဲအိတ်ကိုလည်း နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သလို လက်ဗွေစစ်ဆေးဖို့အတွက်
အမှုန့်တွေဖြူးနေကြလေရဲ့။

သူ့ရဲအိတ်တွေကိုလည်း အမှုန့်တွေဖြူးပြီး စစ်ဆေးချိန်မှာတော့ …သူ့ရဲ့ပိုက်ဆံအိတ်ပေါ်မှာရော
လက်ဆွဲအိတ်ပေါ်မှာပါ ကျွန်မရဲ့လက်ဗွေရာ လုံးဝ ရှာမတွေ့ပါဘူး။

လေဆိပ်ထဲမှာဖြစ်ဖြစ်၊ လေယာဉ်ပေါ်မှာဖြစ်ဖြစ် တခြားတယောက်ရဲ့ လက်ဆွဲအိတ်တွေကို ဘယ်တော့မှ (ဘယ်တော့မှ) မထိမိ၊ မ-တို့မိအောင် သတိကြပ်ကြပ်ထားဖို့ အကြံပေးစကားပြောပြီး ကျွန်မကို သွားခွင့်ပြုလိုက်တယ်။

အင်း … အဲဒီနေ့ကစပြီး ရှင့်ဆီမှာ လက်ဆွဲအိတ် ဘယ်လောက်ပါပါ ရှင့်ကိစ္စကို ရှင်ကိုယ်တိုင်ပဲ ရှင်းလိုက်ပါ။

ကျွန်မကတော့လေ ရှင့်လက်ဆွဲအိတ်တွေကို တွန်းလှည်းပေါ်ကိုတောင် ကူညီပြီး တင်မပေးနိုင်ပါဘူး။

ရှင့်လက်ဆွဲအိတ်ပြဿနာ … ရှင့်ပြဿနာဆိုတာ …ကျွန်မရဲ့ မူဝါဒပဲ။

ပြီးတော့လည်းလေ …ဦးခေါင်းအထက်က – ပစ္စည်းထားသိုတဲ့ အကန့်ကို ရှင် မမီနိုင်ဖြစ်နေချိန်မှာ ကျွန်မက- အနီးဆုံးလူဖြစ်နေရင်လည်း ကျေးဇူးပြုပြီး လေယာဉ်ဝန်ထမ်းကိုသာ အကူအညီ တောင်းလိုက်ပါ။

ကျွန်မကတော့ …
ဘာမှမသိနားမလည်ပုံနဲ့
ရှင့်ကိုပဲ ခပ်ကြောင်ကြောင်
ငေးစိုက်ကြည့်ပြီး လှည့်ထွက်သွားမှာနော်။

လေယာဉ်နဲ့ ခရီးသွားဖို့ ရည်ရွယ်နေသူတွေအတွက် အထူးသတိပြု မှတ်သားစရာ သင်ခန်းစာပါ။
( * လူမှုကွန်ရက်စာမျက်နှာ Romblon Explorer ရဲ့ပို့စ်ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။ )