ဝေဟင်ကို ကားပျံ Taxi တွေဖြင့် ဖုံးလွှမ်းဖို့ အရှိန်မြင့်လာပြီဖြစ်တဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ လာမယ့် ၂၀၂၇ ခုနှစ် အတွင်း ပုံမှန် လေကြောင်းလိုင်းတွေထက် ပိုနိမ့်တဲ့ ဝေဟင်အတွင်း စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုမယ့် EV ကားပျံတွေကို ထုတ်လုပ် ပျံသန်းဖို့ တရုတ်အစိုးရက စီစဉ်နေပါတယ်။

အဆိုပါ ကားပျံ ထုတ်လုပ်ရေးနဲ့ ပျံသန်းရေးလုပ်ငန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံထိ ရင်းနှီးမြုပ်နှံသွားမယ်လို့ သိရတယ်။

ကားပျံတွေကို အမြင့်ပေ ၉၀၀၀ ခန့်အတွင်းမှာ ပျံသန်းမယ့် မောင်းသူ ပါတာကော၊ မောင်းသူမဲ့ နှစ်မျိုးလုံးအတွက် ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် စီပွားရေးဆိုင်ရာ အတွက် ယာဉ်ပျံအမျိုးအစားကိုတော့ အမြင့်ပေ ၃ သောင်းအထိ ရည်မှန်းထားပါတယ်။

တရုတ်အစိုးရဘက်က ရင်းနှီးမြုပ်နှံမယ့်ငွေတွေဟာ ကားပျံတွေအတွက် အတက်အဆင်း နေရာတွေနဲ့တကွ လိုအပ်မယ့် အခြေခံအဆောက်အဦး တည်ဆောက်ခြင်းတွေမှာ အသုံးပြုမှာပါ။

ဒီကားပျံတွေကို လေကြောင်း Taxi သဘောတင် မကဘဲ ကိုယ်ပိုင် ခရီးသွားယာဉ်အဖြစ်ပါ အသုံးနိုင်ဖို့လည်း တရုတ်ဘက်က မျှော်လင့်နေပါတယ်။

တရုတ်ဟာ low-altitude economy လို့ ခေါ်တဲ့ ဝေဟင်နိမ့်စီးပွားရေး လုပ်ငန်းအတွက် ကြီးကြီးမားမား ရင်းနှီးမြုပ်နှံမှု လုပ်နေကာ ဒီနယ်ပယ်မှာ ကမ္ဘာ့ရှေ့ဆောင် နိုင်ငံဖြစ်လာဖို့ထိ ရည်မှန်းနေတာ ဖြစ်ပါတယ်။