ကိစ္စ (၂) ခု ဖြစ်လာရင်တော့ ဂျူလီယန် အဲလ်ဗာရက်ဇ် ကို ရောင်းချဖို့ မန်စီးတီး အသင်း ဆုံးဖြတ်ထားပါပြီ
မန်ချက်စတာ စီးတီးအသင်းဟာ ဒီတလော အပြောင်းအရွှေ့ သတင်းတွေမှာ တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ် ကိစ္စ လှုပ်ခတ်လာပေမယ့် ရောင်းချဖို့ စိတ်ကူးမရှိသေးပါဘူး။
ဒါပေမယ့် အဲလ်ဗာရက်ဇ်ကိုယ်တိုင် အသင်းကနေ ထွက်ခွာခွင့် တောင်းပြီး ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင်တော့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အသက် (၂၄)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး အဲလ်ဗာရက်ဇ်ဟာ ရေးဗားပလိတ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း အသင်းအတွက် (၂)ရာသီအတွင်း ပွဲပေါင်း (၁၀၃)ပွဲအထိ ကစားပြီး ဖလားပေါင်းစုံ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပွဲအများစုမှာတော့ ဟာလန်းရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်သာ ကစားနေရပါတယ်။
အဲလ်ဗာရက်ဇ်အနေနဲ့ကလည်း မန်စီးတီးမှာ ကစားရတာကို သဘောကျနေပေမယ့်လည်း အမြဲတမ်း ပွဲကစားခွင့်တွေ ပိုမို အလိုရှိလာတဲ့အတွက် အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အိုလံပစ်ပြိုင်ပွဲ ကစားခွင့်မပြုတဲ့အပေါ် အဲလ်ဗာရက်ဇ်နဲ့ စီးတီးနည်းပြ ဂွာဒီယိုလာတို့ကြားမှာလည်း မပြေလည်မှုတွေပါ ရှိခဲ့ရပါတယ်။
ဒီလို အခြေအနေမျိုး ရှိနေတဲ့ အဲလ်ဗာရက်ဇ်ကို ပီအက်စ်ဂျီ အသက်လက်တီကိုနဲ့ ချယ်ဆီးအသင်းတို့က ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလို့နေပြီး အသက်လက်တီကိုဆိုရင်လည်း အငှား ကမ်းလှမ်းမှုပါ ပြုလုပ်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။ မန်စီးတီးဘက်က အဲလ်ဗာရက်ဇ်အတွက် ဘယ်အငှား ကမ်းလှမ်းချက်ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါသေးတယ်။
တိုက်စစ်မှူး နောက်ချန်တိုက်စစ်နဲ့ တောင်ပံနေရာတွေထိ လိုက်ပါကစားနိုင်တဲ့ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီးအတွက် ပါဝင်ကစားထားခဲ့တဲ့ (၁၀၃)ပွဲမှာ (၃၆)ဂိုးသွင်းယူရင်း (၁၈)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့သူပါ။
ဒီလို ကစားသမားတစ်ဦးကို စီးတီးကလည်း အသင်းကနေ အလွယ်တကူ လက်လွတ်မသွားချင်သလို လက်ရှိ စာချုပ်ကလည်း ၂၀၂၈ခုနှစ်အထိတောင် သက်တမ်း ကျန်ရှိနေပါသေးတယ်။
ဒါကြောင့် အဲလ်ဗာရက်ဇ်ကိုယ်တိုင် ပုံမှန်ကစားခွင့်တွေ ရဖို့ အသင်းပြောင်းချင်ပါတယ်ဆိုပြီး အသင်းပြောင်းခွင့် တောင်းဆိုလာမယ်ဆိုရင် နောက်ပြီး အဲလ်ဗာရက်ဇ်ကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ အဲလ်ဗာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး အမြောက်အများနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာမယ်ဆိုမှသာ ရောင်းချသွားဖို့ စဉ်းစားမယ်လို့ သိရပါတယ်။