ဒေ့ဗ်ရဲ့ လူမှုကွန်ယက်ပေါ်က ပိုစ့်ကြောင့် ကမ္ဘာဒီးယားမှာ လက်ဝှေ့ထိုးခွင့်မပြု

နာမည်ကျော် မြန်မာ့ရိုးရာလက်ဝှေ့သမား ကနေဒါနိုင်ငံသား ဒေ့ဗ် လက်ဒပ် ကို ကမ္ဘောဒီးယားတွင် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခွင့်ပြုမည်မဟုတ်ကြောင်း ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌက ပြောကြားခဲ့ သည်ဟု The Phnom Penh Post သတင်း၌ ဖော်ပြသည်။

အသစ်ခန့်အပ်လိုက်သော ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ Khov Chhay က ၎င်းအနေနှင့် ရာထူးတွင် ဆက်လက်ရှိနေသရွေ့ ဒေ့ဗ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုကြောင်း ပြောကြားသည်ဟု သိရသည်။

Dave က ၎င်း၏ လူမှုကွန်ရက်တွင် “ကျတော်နဲ့ ထပ်တိုက်ချင်ရင် ဒေါ်လာ ၁ သန်း လိုတယ်။ မွေထိုင်းဆိုတာ ခမာသိုင်းပညာကို ကူးယူထားတယ်လို့ ကျနော် ထင်တယ်။ ဒါ့ကြောင့် မွေထိုင်းလက်ဝှေ့သမားတွေကို အလဲထိုးပစ်သွားမယ်။ ကျတော် နောက်တစ်ကြိမ် ထပ်တိုက်ချင်ပါသေးတယ်။ ဒါပေမဲ့၊ မွေထိုင်းလက်ဝှေ့သမားတွေနဲ့သာ တိုက်ချင်တယ်” ဟု ရေးသားခဲ့သည်။

ဒေ့ဗ်၏ လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် ခမာနဲ့ မွေထိုင်းကြား ပြဿနာဖြစ်အောင် ပြောဆိုနေသည့် ပို့စ်ကြောင့် ယခုလို ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း Chhay က ပြောသည်။

ကမ္ဘောဒီးယားတွင် လက်ဝှေ့ထိုးရန်အတွက် ဒေ့ဗ် က ငွေကြေးအမြောက်အမြား တောင်းဆိုမှုသည် ခမာလက်ဝှေ့ကို မြှင့်တင်ခြင်းထက် ကိုယ်ကျိုးစီးပွားအတွက် တစ်ကိုယ်ကောင်းဆန်သည့် လုပ်ရပ်အဖြစ် ရှုမြင်ကြောင်း ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ကဆိုသည်။

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံဟောင်း ကနေဒါနိုင်ငံသား ဒေ့ဗ် သည် ယခုအခါမှာ ကမ္ဘောဒီးယား၌ နေထိုင်လျက်ရှိကာ ဖနွမ်းပင်မြို့လယ်၌ DAV House အမည်ရှိ ကော်ဖီဆိုင်ဖွင့်လှစ်ထားသည်။