ထိုင်းမှာ နိုင်ငံအဆင့် သိပ္ပံဘာသာရပ်ဆိုင်ရာ ပြိုင်ပွဲအတွင်း ရွှေတံဆိပ်ရတဲ့ မြန်မာရွှေ့ပြောင်း ကျောင်းသား

ထိုင်းနိုင်ငံအဆင့် သိပ္ပံဘာသာရပ်ဆိုင်ရာ အထက်တန်းကျောင်းသားကျောင်းသူများ ပြိုင်ပွဲတွင် မြန်မာရွှေ့ပြောင်း ကျောင်းသား မောင်ချစ်မင်းကိုကို ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။

Thailand Science Ideation Contest 2024 ဟု ခေါ်သည့် အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၈ ရက်က ဘန်ကောက်မြို့ရှိ King Mongkut’s University of Technology တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

FED အဖွဲ့ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက “သူက စာတခုထဲ တော်တာမဟုတ်ဘူး။ ဘက်စုံတော်တာ။ သူက လွန်ခဲ့တဲ့ နှစ်ပတ်က တောင်ပိုင်း ၁၄ ခရိုင်မှာ အရင်ပြိုင်ပြီးတော့ ရွှေတံဆိပ်ဆုရတယ်။ အဲဒီကနေမှ နိုင်ငံ တော်အဆင့် သွားထပ်ပြိုင်ပြီးတော့ အဲဒီမှာလည်း ရွှေတံဆိပ်ဆု ထပ်ရတယ်” ဟု ပြောသည်။

မောင်ချစ်မင်းကိုကိုကသည် ယင်းပြိုင်ပွဲကို Takuapa Senanukul ထိုင်းအစိုးရ အထက်တန်းကျောင်း ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး သိပ္ပံဘာသာရပ်အတွက် ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။

မောင်ချစ်မင်းကိုကိုအား မြန်မာရွှေ့ပြောင်းအလုပ်သမား မိဘနှစ်ပါးက ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ မူလတန်းမှ ၈ တန်းအထိ FED က ဖွင့်လှစ်ထားသော Unified Learning Center(ULC) ကျောင်း၌ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဦးမင်းဦးက “ဒီကျောင်းကနေပြီးတော့ ဒီလိုအဆင့်အထိရောက်တာ ဘယ်သူမှမရှိသေးဘူး။ သူက သွားဘက်ဆိုင်ရာ ကျောင်းတက်ချင်တာ။ ခက်တာက Private University ဖြစ်နေတော့ အရမ်းဈေးကြီးတော့ ကျနော်တို့လည်း ဝိုင်းပြီးတော့ ‌ရှာပေးနေကြတယ်” ဟု ပြောသည်။