သန်လျင်မှာ အိမ်ခြံမြေတွေ အရောင်းအဝယ် အရမ်း သွက်နေတယ်.. အကြောင်းကတော့..

ဂျပန်အကူအညီနဲ့ တည်ဆောက်ထားတဲ့ သန်လျင်တံတားအမှတ်-၃ ဖွင့်လှစ်ပြီးနောက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာကြောင့် သန်လျင်မြို့နယ်က အိမ်ခြံမြေတွေ ပိုမိုအဝယ်လိုက်ကြောင်း အကျိုးဆောင်အသိုင်းအဝိုင်းကနေ ပြောလာပါတယ်။

“တံတားစဆောက်ကတည်းက အိမ်ခြံမြေဈေးကွက်က ကောင်းလာတာ။ အခုတံတားပြီးသွားတော့ အရောင်းအဝယ် ပိုသွက်လာတယ်”လို့ သန်လျင်မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုပါတယ်။

တံတားသစ်ဖွင့်ပြီးနောက်မှာ သန်လျင်အိမ်ခြံမြေတွေကို စီးပွားရေးလုပ်ကိုင်လိုသူတွေ အဓိကဝယ်ယူနေပြီး ကျောက်တန်းမြို့နယ်အတွင်းပါ အဝယ်လိုက်နေပါတယ်။

လက်ရှိ သန်လျင်မြို့နယ်က အိမ်ခြံမြေဈေးကွက်အတွင်းမှာ ကျပ်သိန်း ၂၀၀ ကနေ သိန်း ၃၀၀ အတွင်း မြေကွက်တွေက အဝယ်လိုက်ဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံလိုသူတွေ စိတ်ဝင်စားမှု အများအပြားရှိနေတာပါ။

မိုးတွင်းကာလဖြစ်လို့ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်နှေးတဲ့ သဘောရှိပေမယ့် လက်ရှိမှာ သန်လျင်မြို့နယ်အတွင်း ရောင်းချဖို့ မြေကွက်မရှိသလောက် နည်းပါးနေပြီး ဈေးနှုန်းကျဆင်းဖို့ မရှိကြောင်းလည်း Myanmar Property Dealer က ရေးပါတယ်။

သန်လျင်မြို့နယ်မှာ ကျပ်သိန်း ၁၂၀၀ ခန့် ဈေးရှိတဲ့ မြေကွက်တွေဟာ လက်ရှိမှာ ကျပ်သိန်း ၁၅၀၀ အထိ ဈေးတက်လာပြီး ကျောက်တန်းမြို့နယ်က မြေကွက်ဈေးတွေဟာ နေရာပေါ်မူတည်ပြီး ကျပ်သိန်း ၁၀၀ ကနေ ၄၅၀ ခန့်အထိ ဈေးအသီးသီး ရှိပါတယ်။

အိမ်ခြံမြေ ကျွမ်းကျင်သူ အချို့ကတော့ သန်လျင်ရဲ့ မြေစျေးဟာ ရှိသင့်တဲ့ အနေအထားထက်ကို ပိုရောက်နေပြီဖြစ်ကြောင်းနဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ အကျိုးဆောင်တွေ မက်လုံးပေးမှုဟာ မြုပ်နေတဲ့ အိမ်ခြံမြေတွေကနေ ငွေပြန်ဖော်လိုတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပေးလာတာလည်း ရှိနေပါတယ်။