ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဈေးဦးဖောက်ပေးလိုက်တဲ့ စပိန်နဲ့ မန်စီးတီး ကွင်းလယ် ကစားသမား ရိုဒရီ

မန်ချက်စတာ စီးတီးနဲ့ စပိန်အသင်း နာမည်ကျော် ကွင်းလယ်ကစားသမား ရိုဒရီဟာ UEFA ရဲ့ စည်းမျဉ်းသစ်ကို ချိုးဖောက်မိလို့ ပွဲပယ်ခံရမဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါပြီ။

ခရိုအေးရှားကို ၃-၀ ဂိုးနဲ့အနိုင်ရတဲ့ အုပ်စုအဖွင့်ပွဲတုန်းက ရိုဒရီဟာ ပယ်နယ်တီဧရိယာအတွ်း ပက်ကိုဗစ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဝါကတ် အပြခံခဲ့ရပါတယ်။

ပက်ကိုဗစ်ဟာ သေချာပေါက် ဂိုးသွင်းနိုင်မဲ့အနေအထားမှာ ရိုဒရီက ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့အတွက် ပရိသတ်အများစုဟာ ရိုဒရီကို တိုက်ရိုက်အနီကတ်ပြသင့်တယ်လို့ ယူဆခဲ့ကြပါတယ်။

အုပ်စုဒုတိယပွဲအဖြစ် အီတလီကို ၁-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာလည်း ရိုဒရီဟာ ပထမပိုင်းမပြီးခင်မှာပဲ အဝါကတ် အပြခံရပြီး ဒီတစ်ခါတော့ ဒိုင်လူကြီးကို စောဒကတက်ခဲ့တဲ့အတွက် အဝါကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲအတွက် UEFA က ချမျတ်ထားတဲ့ စည်းကမ်းသစ်ထဲမှာ အသင်းခေါင်းဆောင်တစ်ဦးတည်းသာ ဒိုင်လူကြီးကို စောဒကတက်ခွင့်ရမှာဖြစ်ပြီး တခြားကစားသမားတစ်ဦးက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ဘဲ စောဒကတက်မယ်ဆိုရင် အဝါကတ်အပြခံရမှာပါ။

စပိန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် မိုရာတာက တာဝန်ယူထားတာကြောင့် အသင်းခေါင်းဆောင်မဟုတ်ဘဲ ဒိုင်လူကြီးကို စောဒကတက်ခဲ့တဲ့ ရိုဒရီ တစ်ယောက် အဝါကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

အခုဆိုရင် ရိုဒရီဟာ အုပ်စု ၂ ပွဲဆက်တိုက် အဝါကတ်အပြခံခဲ့ရလို့ ၁ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တဲ့အတွက် အယ်လ်ဘေးနီးယားနဲ့ အုပ်စုနောက်ဆုံးပွဲကို လွဲချော်မှာပဲဖြစ်ပါတယ်။