ဆန်တွေကို စျေးသက်သက်သာသာနဲ့ ရောင်းချပေးမယ်လို့ ဆန်စပါးအသင်းချုပ် ကြေညာ

ဆန်စျေးနူန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းကပြည်သူတွေကို သက်သာတဲ့စျေးနူန်းနဲ့ ဆန်တွေရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က ဒီနေ့ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဆန်ကုန်သည်တွေအရေးယူခံရပြီး MRF ကတာဝန်ရှိသူတွေက ဆန်စျေးနူန်းမြင့်တက်မှုနဲ့ပတ်သက်လို့ ခေါ်ယူမေးမြန်းမှု ရပြီးနောက်မှာ စားသုံးသူ ပြည်သူကို ဇွန်လ ၂၄ ရက်ကစပြီး ဆန်တွေထုတ်ရောင်းပေးမယ့်အကြောင်း ပြောဆိုလာတာဖြစ်ပါတယ်။
ဆန်တွေကို ထုတ်ရောင်းပေးမယ့်အစီအစဥ်က ရန်ကုန်တိုင်း တခုတည်းသာဖြစ်တယ်လို့ လက်တလော သိထားရပါတယ်။
ရန်ကုန်တိုင်းအတွင်းရောင်းချပေးမယ့်ဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းကို ၁၃၅၀၀၀ မှ ၁၄၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းကို ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ကျပ်၊ ဧည့်မထဆန်အုပ်စုကို ၇၀၀၀၀ မှ ၇၂၀၀၀ ကျပ်နဲ့ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်နှစ်ခုမှာ ရုံးဖွင့်ရက်တိုင်း မနက် ၉ ခွဲမှ ညနေ ၃ နာရီအထိ ရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။
ဆန်လက်လီ ပြည်ကောက်အနေနဲ့ကတော့ ပေါ်ဆန်းတပြည်ကို ၅၀၀၀ ကျပ်၊ ဧည့်မထဆန်တပြည်ကို ၃၀၀၀ ကျပ်နူန်းရောင်းချပေးမယ်လို့ သိရပါတယ်။
ဆန်အိတ်လိုက်ဝယ်ယူသူတွေကတော့ အိမ်ထောင်စုတစုကို တလအတွက် ပေါ်ဆန်အုပ်စုဝင် ဆန်တအိတ်၊ ဧည့်မထဆန်တအိတ် ရောင်းချပေးမှာဖြစ်ပြီး ဝယ်ယူမယ်ဆိုရင် အိမ်ထောင်စုဇယားမိတ္တူနဲ့အတူ အိမ်ထောင်စုဇယားထဲမှာပါသူတယောက်က မှတ်ပုံတင်ယူဆောင်ကာ လာရောက်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း ဆန်ရောင်းချပေးတဲ့အစီအစဥ်ကိုတော့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၊မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့က ပူးပေါင်းဆောင်ရွက်လုပ်ဆောင်မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆန်ကုန်သည်တွေ၊ ဆန်ပွဲရုံ၊ ဆန်ဂိုဒေါင်နဲ့ဆန်စက်တွေကို ဝင်ရောက်စစ်ဆေးနေပြီး သတ်မှတ်စျေးထက်ပိုရောင်းပါက ဖမ်းဆီးအရေးယူကာ ချိတ်ပိတ်မှုတွေလုပ်နေပါတယ်။
ဒါကြောင့် ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူအများစုက အခြေအနေကိုစောင့်ကြည့်နေကြပြီး စျေးကွက်ထိန်းပြီးသာအရောင်းအဝယ်လုပ်နေကြတယ်လို့သိရပါတယ်။