သမ္မတ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးမှာ ထရမ့်ကို ဒေါ်လာ သန်း ၅၀ လှူခဲ့တဲ့ ဘီလျံနာ ဘယ်သူလဲ
အမေရိကန်ပြည်ထောင်စုမှာ အချမ်းသာဆုံးမိသားစုတွေထဲက တစ်ခုရဲ့ အမွေဆက်ခံသူ အသက် ၈၀ ကျော် ဘီလျံနာတစ်ဦးဟာ ဒေါ်နယ်ထရမ့်ရဲ့ ၂၀၂၄ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် အဓိကငွေကြေးပံ့ပိုးသူ ဖြစ်လာပါတယ်။
မေ ၃၁ ရက်မှာ ဒေါ်လာ သန်း ၅၀ (ပေါင် ၃၉ ဒသမ ၅ သန်း) လှူဒါန်းမှုနဲ့အတူ အသက် ၈၁ နှစ်အရွယ် တင်မိုသီ မယ်လန်ဟာ ဒီ ရွေးကောက်ပွဲရာသီအတွင်း သမ္မတဟောင်းကို ငွေကြေးအများဆုံးလှူဒါန်းခဲ့တာဖြစ်ပါတယ်။
ပတ်စ်ဘတ်အခြေစိုက် မယ်လန်ဘဏ်လုပ်ငန်းမိသားစုရဲ့ အမွေဆက်ခံသူ မယ်လန်ဟာ တစ်သီးပုဂ္ဂလလကိုယ်စားလှယ်လောင်း ရောဘတ်အက်ဖ်ကနေဒီရဲ့ မဲဆွယ်စည်းရုံးရေးအတွက် အများဆုံးလှူဒါန်းသူလည်းဖြစ်ခဲ့ဖူးပါတယ်။
မစ္စတာမယ်လန်ရဲ့ အဘိုး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း အန်ဒရူးအပါအဝင် မယ်လန်မိသားစုဟာ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၁၄ ဘီလီယံကျော် ရှိပါတယ်။ မယ်လန်မိသားစုဟာ အမေရိကန်ပြည်ထောင်စုမှာ ချမ်းသာမှုအဆင့်အရတွက်ချက်ရင် အဆင့် ၃၄ မှာ ရပ်တည်နေတဲ့ မိသားစုလို့ Forbes က ခန့်မှန်းပါတယ်။
ဝိုင်ယိုမင်းအခြေစိုက် မယ်လန်ဟာ လူတွေနဲ့ရောရောနှောနှော မနေတတ်မနေတတ်ဘဲ သီးခြားနေတတ်သူလို့ သိကြပြီး လူတွေအာရုံစိုက်မယ့်အရာတွေ၊ တခြားအမေရိကန်ဘီလျံနာတွေရဲ့ လူမှုအသိုင်းအဝိုင်းတွေကို ရှောင်တတ်ပါတယ်။
၂၀၂၀ တုန်းကတော့ ထရမ့်နဲ့ ပတ်သက်လို့ “ ထရမ့်က ပေးထားတဲ့ကတိကို တည်အောင်လုပ်တယ်၊ ပေးထားတဲ့ကတိတွေတည်အောင်လည်း အကောင်အထည်ဖော်ခဲ့တယ်။ ”
‘’ထရမ့်ရဲ့ မှတ်သားစရာအကောင်းဆုံးအောင်မြင်မှုကတော့ ကုန်သွယ်ရေး၊ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့နိုင်ငံတွေကြား အထူးသဖြင့် တရုတ်ကြားမှာ ချိန်ခွင်လျှာညီအောင် ပြန်လုပ်နိုင်ခဲ့တာပဲ” လို့ မစ္စတာမယ်လန်က ချီးကျူးခဲ့ဖူးတာဖြစ်ပါတယ်။
